အန်းစလော့ကို ရာထူးမှထုတ်ပယ်ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့တဲ့ လီဗာပူး
လီဗာပူးအသင်းက နှစ်နှစ်ကြာတာဝန်ပေးအပ်ခဲ့တဲ့ နည်းပြအန်းစလော့ကို ရာထူးမှထုတ်ပြန်လိုက်ပြီလို့ အတည်ပြုလာခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက ဖီယင်နုအသင်းကို နယ်သာလန်လိဂ်နဲ့ ဒတ်ချ်ဖလားပြိုင်ပွဲတို့မှာ အောင်မြင်မှုရရှိစေရန် လမ်းညွှန်ပေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း အန်ဖီးလ်ဆီ ရောက်ရှိလာခဲ့ပါတယ်။
အန်းစလော့က သူ့ရဲ့ မာဆေးဆိုဒ်အဖွင့်ဘောလုံးရာသီမှာ လီဗာပူးအတွက် အကြိမ် ၂၀ မြောက် အင်္ဂလန်ထိပ်တန်းလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့ပေမဲ့ ဒုတိယရာသီမှာတော့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။
“ကျွန်တော်တို့နဲ့အတူ ရှိနေချိန်အတွင်း လီဗာပူးအသင်းအတွက် အန်းစလော့ရဲ့ပံ့ပိုးကူညီပေးမှုတွေက သိသာထင်ရှားလှသလို အဓိပ္ပါယ်လည်းပြည့်၀ပြီး အရေးအကြီးဆုံးဖြစ်တဲ့ ပရိသတ်တွေနဲ့ ကျွန်တော်တို့အတွက် အောင်မြင်မှုကို ခံစားခဲ့ရပါတယ်” လို့ မာဆေးဆိုဒ်ကလပ်အသင်းရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“တစ်ချိန်တည်းမှာပင် ကလပ်အသင်းရှေ့ဆက်တိုးတက်နိုင်ဖို့အတွက် ပြောင်းလဲမှုလိုအပ်နေပြီလို့ ကျွန်တော်တို့အားလုံး သုံးသပ်ဆုံးဖြတ်ခဲ့ကြပါတယ်”
“လီဗာပူးအသင်းသမိုင်းတလျှောက် ၂၀ ကြိမ်မြောက် လိဂ်ချန်ပီယံဆုကို ရယူပေးခဲ့တဲ့ နည်းပြအဖြစ် ဒီဘောလုံးကလပ်အသင်းရဲ့သမိုင်းမှာ အထူးနေရာတစ်ခုရရှိစေမယ့် အန်းစလော့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်”
“သူက ဂျိုတာကိုဆုံးရှုံးလိုက်ပြီးနောက် စိတ်ကူးနိုင်သမျှ အခက်ခဲဆုံးကာလတွေအနက် တစ်ခုဖြစ်တဲ့ အခိုက်အတန့်မှာ ကလပ်အသင်းကို ဦးဆောင်လမ်းညွှန်ပေးခဲ့ပါတယ်။ အဲဒီအချိန်တစ်လျှောက်လုံး သူပြသခဲ့တဲ့ စာနာမှုနဲ့ လူသားဆန်မှုက လူသားတစ်ဦးအဖြစ် သူ့ကို အများကြီးသိမြင်စေပါတယ်”
“ဒါပေမဲ့ ကျွန်တော်တို့ရောက်ရှိလာတဲ့နိဂုံးကတော့ အသင်းရဲ့လမ်းကြောင်းကို ဦးတည်ချက်ပြောင်းလဲခြင်းအားဖြင့် အကောင်းဆုံးဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ပေါ်မှာ တည်ဆောက်ထားပါတယ်”
“ အန်းစလော့ကတော့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ကျွန်တော်တို့ရဲ့ကျေးဇူးတင်မှုကို ခံယူရင်း ထွက်ခွာသွားပါပြီ။ သူနဲ့သူ့မိသားစုကို အန်ဖီးလ်မှ အမြဲကြိုဆိုနေမယ်ဆိုတာကိုလည်း သူသိရှိထားပါတယ်”လို့ လီဗာပူးအသင်းရဲ့ကြေညာချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
အန်ဖီးလ်မှာ ဒတ်ချ်လူမျိုးနည်းပြရဲ့နေရာကို ဘုန်းမောက်အတွက် အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြအီရာအိုလာက အစားထိုးဝင်ရောက်လာဖို့ ရေပန်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။