
လာလီဂါဥက္ကဌ တီဘက်စ်ကို ဦးတည်တိုက်ခိုက်လိုက်တဲ့ ရီးရဲလ်စတား
ရီးရဲလ်အသင်းဂိုးသမား ကော်တိုရစ်က ကစားသမားတွေကို ဆန္ဒပြတာကို ဆင်ဆာဖြတ်တာနဲ့ပတ်သက်ပြီး လာလီဂါဥက္ကဌ တီဘက်စ်ကို ဝေဖန်လိုက်သလို လိဂ်အနေနဲ့လည်း ကြိုးကိုင်ခြယ်လှယ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံသားက အရေးပါတဲ့ပွဲတွေမတိုင်ခင် လာပေါ်တာရဲ့ဒိုင်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်ကိုလည်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ကစားသမားတော်တော်များများက ပြီးခဲ့တဲ့အပတ်တွေတုန်းကကန်ခဲ့တဲ့ပွဲတွေနဲ့ပတ်သက်ပြီး အသံတိတ်ဆန္ဒပြခဲ့တာနဲ့ပတ်သက်လို့ ကော်တိုရစ်က လာလီဂါကို ဝေဖန်ခဲ့သလို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဘာစီလိုနာ နဲ့ ဗီလာရီးရဲလ်ပွဲကို မိုင်ယာမီမှာကန်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ကစားသမားတွေက ဆန္ဒပြခဲ့ပေမယ့် ရုပ်သံထုတ်လွှင့်သူတွေကတော့ ဆန္ဒပြဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပြဿနာတွေကြီးမားလာခဲ့ပြီးနောက် လာလီဂါ နဲ့ ပွဲစီစဉ်သူတွေဟာ အဆိုပါအမေရိကမြေမှာကန်မယ့်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
အခုလိုဖျက်သိမ်းခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ ဒေါသထွက်နေသလို ကစားသမားတွေကလည်း သူတို့ရပ်တည်မှု ကို ရှင်းလင်းစွာအသိပေးခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ကော်တိုရစ်က သတင်းစာရှင်းပွဲမှာ “လာလီဂါက သူတို့လိုချင်တာပဲလုပ်နေတာပါ။ ဘာလို့လဲဆိုတော့ အဲ့တာ သူတို့နဲ့သင့်တော်လို့ပါ။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဒီဆုံးဖြတ်ချက်က အဆင်မပြေပါဘူး။ အိမ်ကွင်း နဲ့ အဝေးကွင်းကစားရတာက မတူညီပါဘူး။
လာလီဂါမှာ အဝေးကွင်းကစားရတာက ပိုခက်ခဲပါတယ်။ ကျွန်တော်တို့ ဆိုစီဒက် ၊ ဂီတာဖေးတို့နဲ့ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ဗီလာရီးရဲလ်အဝေးကွင်းပွဲကလည်း ခက်ခဲပါတယ်။ ရာသီအလယ်ကြီးမှာ အခုလိုမျိုးစည်းမျည်းတွေပြောင်းလဲတာက မမျှတပါဘူး။ ဆန္ဒပြမှုတွေကို ကွယ်ဝှက်ထားပြီး သူတို့လိုသလို ခြယ်လှယ်နေတာပါ။ ခင်ဗျားကိုဘာအံ့ဖွယ်ပေးမလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူတို့က NBA လိုလုပ်ဆောင်ချင်နေတာပါ။ NBA မှာက ၈၂ ပွဲရှိသလို NFL ကလည်း သူ့ဟာသူရှိပါတယ်။ လာလီဂါမှာ အဲ့လိုမျိုးတူညီစွာလုပ်ဆောင်လို့မရပါဘူး”လို့ ကော်တိုရစ်က ဖြေကြားခဲ့ပါတယ်။
အဆိုပါပြဿနာအပြင် ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဂီရိုနာကိုအနိုင်ရပြီးနောက် နည်းပြ ဖလစ်ပွဲပယ်ခံရမှုဟာ မမျှတဘူးလို့ ပြောကြားခဲ့သလို ရီးရဲလ်အသင်းကို ဦးစားပေးသလိုဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ကော်တိုရစ်က လာပေါ်တာရဲ့မှတ်ချက်ကို Negreira ဒိုင်ပြဿနာကိုထောက်ပြပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အသက် ၃၃ နှစ်သားကတော့ ရီးရဲလ်အသင်းနဲ့အတူ ပွဲ ၃၀၀ ပြည့်ပါဝင်ကစားဖို့ ပြင်ဆင်နေပါတယ်။ ဂျူဗင်တပ်စ်နဲ့ပွဲကိုအနိုင်ရလိုက်မယ်ဆိုရင် ရီးရဲလ်အနေနဲ့ အယ်လ်ကလက်ဆီကိုပွဲအတွက် ယုံကြည်မှု ပိုရသွားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အာနိုးလ် နဲ့ မန်ဒီတို့ပြန်လာမယ့်အနေအထားမှာ ရီးရဲလ်အတွက်တော့ အားတက်စရာဖြစ်လာပါတယ်။ ဘာစီလိုနာက မနေ့ညက အိုလံပီယာကို့စ်ကို ၆-၁ နဲ့အနိုင်ရရှိခဲ့ပြီး အယ်လ်ကလက်ဆီကိုပွဲအတွက် ပြင်ဆင်ချိန်ရခဲ့ပြီဖြစ်ပါတယ်။
ဒဏ်ရာတွေအပြင် အလွန်ဆိုအနေနဲ့ အခုလာမယ့်အယ်လ်ကလက်ဆီကိုပွဲကို အာရုံစိုက်ရမှာဖြစ်ပြီး အခုပွဲက ကွင်းအတွင်း ကွင်းအပြင်မှာပါ သက်ရောက်မှုရှိလာနိုင်တာဖြစ်ပါတယ်။