The network connection is lost.

Banner Image

ကိုင်စီဒိုအနီကတ်ဖြစ်ရပ်အတွက် VAR အနှေးပြကွက်တွေကို မေးခွန်းထုတ်ခဲ့တဲ့ ဂယ်ရီလိုင်နီကာ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အာဆင်နယ်နဲ့ရင်ဆိုင်ရချိန် ကိုင်စီဒိုထုတ်ပယ်ခံရပြီးနောက် BBC Match of the Day ရုပ်သံတင်ဆက်သူဟောင်းဂယ်ရီလိုင်နီကာက VAR စစ်ဆေးမှုတွေမှာ ရုပ်သံအနှေးပြကွက်အသုံးပြုမှုတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ ကိုင်စီဒိုက မီရီနိုအပေါ် ကစားပုံကြမ်းတမ်းခဲ့လို့ အနီကတ်ပြစ်ဒဏ်နဲ့အတူ ကွင်းတွင်းမှ ထွက်ခွာလာခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်က ကွင်းလယ်ဒိုင်အန်သိုနီတေလာဆီ VAR ဒိုင်ဒေးဗစ်ဘရွတ်ခ်ရဲ့ ကွင်းဘေးမော်နီတာကို လာရောက်ကြည့်ရှုပေးရန်ပန်ကြားမှုအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။

ဘရွတ်ခ်ရဲ့ကြားဖြတ်ဝင်ရောက်မှုမတိုင်ခင် အန်သိုနီတေလာက ကိုင်စီဒိုကို အဝါကတ်ပြစ်ဒဏ်သာ ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ တေလာက ဒီဖြစ်ရပ်ကို အနီးကပ်ပြန်လည်စစ်ဆေးခဲ့ပြီးချိန် ပြစ်ဒဏ်ကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာကတော့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လုံးဝသဘောမတူဘူးဆိုတဲ့ဘက်မှာ ရှိမနေပေမယ့် အနှေးပြကွက်အသုံးပြုတဲ့ပုံစံကိုတော့ စိုးရိမ်နေခဲ့ပါတယ်။ The Rest Is Football podcast အစီအစဉ်မှာ ဂယ်ရီလိုင်နီကာက “ ဒီလိုဖြစ်ရပ်တွေအတွက် အနှေးပြကွက်မသုံးသင့်ဘူးလို့ ယူဆမိပါတယ်။ လူတွေရဲ့ခြေထောက်ကို လိုက်ရိုက်ပြနေရင်လည်း ဒီအကြောင်းအရာကိုပဲ မြင်တွေ့ရပါလိမ့်မယ်။

ကိုင်စီဒိုရဲ့ခြေထောက်က လေပေါ်မြှောက်မထားဘဲ မြေပြင်ထက်မှာသာ ရှိနေခဲ့ပါတယ်။ သူက ဘောလုံးယှဉ်လုချိန် တစ်မီလီစက္ကန့်လောက် နောက်ကျသွားပြီး အနှေးပြကွက်တွေအရ ဒါကို အရမ်းဆိုးရွားလွန်းတယ်လို့ ထင်မြင်ယူဆမိစေပါတယ်။ မူလဆုံးဖြတ်ချက်ကို သူတို့တွေ ဘာကြောင့်ပယ်ဖျက်ခဲ့သလဲဆိုတာ ကျွန်တော် အပြည့်အဝနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာ ဒီလိုပြောင်းလဲလိုက်တာ အပြည့်အဝမှန်ကန်သွားပါသလား?

ကျွန်တော့်အမြင်အရ အနှေးပြကွက်တွေဟာ တကယ့်ဖြစ်ရပ်ကို ဖုံးကွယ်သွားစေတယ်လို့ ထင်ပါတယ်။ ကိုင်စီဒိုရဲ့ခြေထောက်သာ လေထဲမှာရှိနေပြီး ဘောလုံးထက်မြင့်နေမယ်ဆိုရင် သေချာပေါက်အနီကတ်ပါပဲ။ ဒါပေမဲ့ အခုဖြစ်ရပ်မှာတော့ ရုပ်သံအနှေးပြကွက်တွေကြောင့် ပိုမိုဆိုးရွားသွားတာကို မြင်တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကို ပုံမှန်အရှိန်အဟုန်နဲ့ ပုံမှန်အတိုင်း ခဏခဏပြန်ကြည့်ချိန် အနည်းငယ်နောက်ကျသွားတဲ့ကိစ္စကိုပဲ မြင်တွေ့မိပါတယ်”လို့ ပြောပါတယ်။

အလားတူ တွဲဖက်တင်ဆက်သူမီကာရစ်ချတ်ကလည်း ဂယ်ရီလိုင်နီကာရဲ့အဆိုကို သဘောတူလိုက်ပြီး “ တကယ့်အရှိန်အဟုန်အတိုင်း ဒီဖြစ်ရပ်ကို ပြန်ကြည့်လိုက်ရင် အရမ်းဆိုးရွားတယ်လို့ ကျွန်တော် မယူဆမိပါဘူး။ ရုပ်သံအနှေးပြကွက်လိုပြန်ကြည့်မယ်ဆိုရင်တော့ ဒါက အတော်လေးကြောက်စရာကောင်းတယ်လို့ တွေးမိပါတယ်။ ကိုင်စီဒိုရဲ့ခြေထောက်က မြေကြီးပေါ်မှာသာရှိပြီး မီရီနိုရဲ့ခြေကျင်းဝတ်ဆီ ရောက်ရှိသွားပါတယ်။ ဒီနောက်မှာတော့ ကွင်းလယ်ဒိုင်က ကွင်းဘေးမှာရှိတဲ့မော်နီတာဆီသွားပြီး အနီကတ်တစ်ကတ် ထုတ်လာပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ အတိတ်မှာဆိုရင် ကိုင်စီဒိုဖြစ်ရပ်အတွက် အနီကတ်ပြစ်ဒဏ်မကျသင့်နိုင်ဘူးဆိုတဲ့ ဂယ်ရီလိုင်နီကာရဲ့ အမြင်နဲ့ပတ်သက်လို့ ကွင်းလယ်ဒိုင်တွေရဲ့အခက်အခဲကို ကိုယ်ချင်းစာနေတဲ့ အလန်ရှီးယားက “ကွင်းတွင်းမှာ အခုလိုပုံစံမျိုးဖြတ်ထုတ်မှုရှိလာရင် ဒါက ကွင်းလယ်ဒိုင်(သို့မဟုတ်) VAR ဆီ ကိုယ့်ကိုထုတ်ပယ်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါမယ်”လို့ ဆိုပါတယ်။

ကစားသမားတစ်ဦးလျော့ဖြင့် ပွဲချိန်ထက်ဝက်ကျော်ကြာကစားခဲ့ရပေမယ့် ချဲလ်ဆီးက အိမ်ကွင်းမှာ ပရီမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ တစ်မှတ်စီခွဲဝေယူနိုင်ခဲ့ပါတယ်။