The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုအတွက် စိတ်မကောင်းဖြစ်မိကြောင်းပြောကြားလာတဲ့ အွန်နရီ

ဘာစီလိုနာကစားသမားဟောင်း သီယာရီအွန်နရီက ယခုရာသီမှ ရီးရဲလ်မက်ဒရစ်ကိုစတင်ကိုင်တွယ်နေတဲ့ ဇာဘီအလွန်ဆိုတစ်ယောက် ပွဲဦးထွက်ရာသီမှာပဲ ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့ပြီး ရုန်းကန်နေရတာကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ကျရှုံးမှုတွေအတွက် မန်နေဂျာ အလွန်ဆိုကိုသာမက အသင်းရဲ့ကစားသမားတွေမှာလည်း အပြစ်ရှိကြောင်း အကြံပြုချက်တွေထွက်ပေါ်နေပြီး ပရိသတ်တွေအနေနဲ့လည်း အသင်းရဲ့ လက်ရှိပုံစံကို အားမလိုအားမရဖြစ်နေကြပါတယ်။ ယခုအခါ CBS Sports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကျရှုံးမှုတွေ နည်းပြအလွန်ဆိုရဲ့ပခုံးအပေါ် ကျရောက်နေခြင်းနဲ့ပတ်သက်ပြီး အွန်နရီရဲ့ထင်မြင်ချက်ကို မေးမြန်းခဲ့ပါတယ်။ 

အွန်နရီက "ကျွန်တော် ဇာဘီအလွန်ဆိုအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ လေဗာကူဆင်မှာ သူဘာတွေလုပ်ပြနိုင်ခဲ့သလဲ အားလုံးအမြင်ပါပဲ။ အဲဒီတုန်းကသူဟာ သူ့ရဲ့ဆန္ဒအတိုင်း သူလုပ်ချင်တာကို နားထောင်ဖို့အဆင်သင့်ရှိနေတဲ့လူတွေနဲ့ လက်တွဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှာတော့ ပုံစံမတူတော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

အွန်နရီဟာ အဆိုပါမှတ်ချက်ကို ကြာသပတေးနေ့နံနက်က ချန်ပီယံလိဂ်ပွဲစဉ်တွေအပြီးမှာပြုလုပ်ခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်ဟာ ၁-၂ နဲ့အရေးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က လာလီဂါပွဲစဉ်မှာလည်း အလွန်ဆိုရဲ့အသင်းဟာ ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် ၂ ပွဲဆက်အရှုံးနဲ့ ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပွဲစဉ်အဖြစ် အလာဗက်စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အလွန်ဆိုတစ်ယောက် အသင်းရဲ့ ၂ ပွဲဆက်ရှုံးနိမ့်မှုကို ပြန်လည်ချေဖျက်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။