The network connection is lost.

Banner Image

ကိုင်စီဒိုရဲ့ဖြတ်ထုတ်မှုကြောင့် ခြေကျင်းဝတ်တစ်ခုလုံး လည်ထွက်သွားသလိုခံစားလိုက်ရကြောင်း ဖွင့်ဟလာတဲ့ မာရီနို

အာဆင်နယ်ကွင်းလယ်လူ မီခေးလ်မာရီနိုက တနင်္ဂနွေနေ့ညက ချဲလ်ဆီးကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်ကွင်းလယ်လူ ကိုင်စီဒိုရဲ့ဖြတ်ထုတ်မှုဟာ အလွန်ပြင်းထန်ခဲ့တာကြောင့် သူ့ရဲ့ခြေကျင်းဝတ်တစ်ခုလုံး လည်ထွက်သွားသလို ခံစားခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အဆိုပါကိုင်စီဒိုရဲ့ဖြတ်ထုတ်မှုဟာ အလွန်ပြင်းထန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်အန်တိုနီတေလာအနေနဲ့ ကနဦးကပြသခဲ့တဲ့ အဝါကတ်ပြစ်ဒဏ်ကိုပြန်လည်ပယ်ဖျက်ပြီး VAR ရဲ့ဆုံးဖြတ်ချက်နဲ့အတူ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မာရီနိုက သူ့အနေနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ပေမယ့် ကိုင်စီဒိုကတော့ ပြင်းထန်တဲ့ဖြတ်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြသခံရမယ်ဆိုတာ ကြိုသိနေခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

စပိန်လက်ရွေးစင်ကွင်းလယ်လူက "ကျွန်တော့်ရဲ့ခြေကျင်းဝတ်တစ်ခုလုံး လည်ထွက်သွားသလို ခံစားလိုက်ရပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို ခြေကျင်းဝတ်နဲ့အတူ လှည့်လိုက်နိုင်ခဲ့ပါတယ်။ ဒါက အရမ်းပြင်းထန်တဲ့ ဖြတ်ထုတ်မှု ဆိုတာ ကျွန်တော်သိခဲ့ပြီး အနီကတ်ပြသခံရမယ်ဆိုတာလည်း ကြိုသိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အဆိုပါဖြတ်ထုတ်မှုနဲ့ပတ်သက်ပြီး ကိုင်စီဒိုနဲ့ စကားပြောဖြစ်သေးလားလို့မေးမြန်းခဲ့ရာမှာတော့ မာရီနိုကတော့ "မပြောပါဘူး။ အခုချိန်မှာ ဒါကဘာမှမဖြစ်တော့ပါဘူး" လို့ဖြေကြားခဲ့ပါတယ်။