The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲမှာ ဟင်ကာပီကို အနီကတ်မပြခဲ့တဲ့ ကွင်းလယ်ဒိုင် အန်တိုနီတေလာကို မာရက်စ်ကာ ပြစ်တင်ဝေဖန်

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ကွင်းလယ်ဒိုင် အန်တိုနီတေလာဟာ အာဆင်နယ်နောက်ခံလူ ပီယာရို ဟင်ကာပီကို အနီကတ်မပြခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပြီး ဟင်ကာပီကြောင့် ထရီဗာချာလိုဘတ် မျက်လုံးပတ်ပတ်လည် ညိုမည်းသွားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ မွိုင်ဆက်စ်ကိုင်စီဒို မီကယ် မီရီနိုကို ကြမ်းတမ်းစွာ ကစားခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြခံရပြီးနောက် ချဲလ်ဆီးအသင်းက ၁၀ ယောက်တည်းသာ ကျန်ခဲ့ပါတယ်။ အာဆင်နယ်ဟာလည်း ၃ မိနစ်အကြာမှာ အလားတူ အခြေအနေမျိုးကြုံတွေ့ခဲ့ရနိုင်ပါတယ်။  ဟင်ကာပီဟာ ချာလိုဘတ်ကို တံတောင်နဲ့ရိုက်ခဲ့ပြီး မျက်နှာကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အန်တိုနီတေလာက ဟင်ကာမီကို အဝါကတ်သာပြခဲ့သလို VARကလည်း ပြန်လည်စစ်ဆေးခြင်းမရှိခဲ့ပါဘူး။ ပွဲအပြီး သတင်းထောက်တွေကို ပြောကြားရာမှာ မာရက်စကာက ရီစီဂျိမ်းစ်ရဲ့အနီကတ်တစ်ကတ်ထပ်ပြသင့်တယ်လို့ ပြောခဲ့တဲ့ စကားကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ မာရက်စကာက"ရီစီဂျိမ်းစ် ပြောတာမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ [ရုပ်သံထုတ်လွှင့်သူတွေ] ကျွန်တော့်ကို မွိုင်ရဲ့ အနီကတ်အကြောင်းပဲ မေးတယ်။ အနီကတ်ဆိုတာ မှန်ပါတယ်။

ဒါပေမဲ့ စပါးနဲ့ပွဲတုန်းက ဘန်တန်ကာ ဂျိမ်းစ်ကိုလုပ်ခဲ့တာ ဘာလို့ အနီကတ်မဖြစ်ခဲ့တာလဲ။ နည်းပြတစ်ယောက်အနေနဲ့ သူတို့ ဘာလို့ မတူညီတဲ့နည်းလမ်းတွေနဲ့ ဆုံးဖြတ်နေကြသလဲဆိုတာကို နားလည်ဖို့ ကျွန်တော်တို့ ရုန်းကန်နေရပါတယ်။ မွိုင်က အနီကတ်လား? ဟုတ်တယ်။ ဘန်တန်ကာက အနီကတ်လား? ဟုတ်ပါတယ်။ ဘာလို့ သူတို့ အနီကတ်မပြခဲ့တာလဲ။

ဒါက ကျွန်တော်တို့ နားလည်ဖို့ခက်ခဲနေရတဲ့အချက်ပါပဲ။ အဲဒါ အနီကတ်ပါပဲ။ အမှန်တရားက အနီကတ်ပါပဲ။ ဘာလို့ သူတို့ မတူညီတဲ့နည်းလမ်းတွေနဲ့ ဆုံးဖြတ်နေကြတာလဲ။"လို့ ပြောခဲ့ပါတယ်။ ဟင်ကာပီကို ဘာလို့ အနီကတ်မပြခဲ့တာလဲလို့ မေးတဲ့အခါ ဒိုင်လူကြီး တေလာက သူ့ကို ဘာပြောခဲ့လဲဆိုတဲ့အပေါ် မာရက်စကာက "ချာလိုဘတ်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဒိုင်ကိုမေးခဲ့တယ်။ သူက ကျွန်တော့်ကို တံတောင်နဲ့တိုက်တာ မဟုတ်ဘူးလို့ ပြောတယ်။ ဒါက သူတို့ပြောတဲ့စကားပါပဲ။ သူ့မျက်လုံးပတ်ပတ်လည် မည်းနေပါတယ်။ ပွဲချိန်တစ်ဝက်မှာ ရေခဲနဲ့ကပ်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့က မတူညီတဲ့နည်းလမ်းတွေနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်"လို့ ပြောခဲ့ပါတယ်။