အလွန်ဆိုအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌကို ဝေဖန်ခဲ့တဲ့ လေဗာကူဆင်အကြီးအကဲ
လေဗာကူဆင်အကြီးအကဲဖာနန်ဒိုကာရိုက နည်းပြအလွန်ဆိုအပေါ် ကိုင်တွယ်ပြုမူပုံနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ကို အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ရီးရဲလ်မက်ဒရစ်နည်းပြတာဝန်ထမ်းဆောင်ဖို့ လေဗာကူဆင်မှထွက်ခွာလာတဲ့ အလွန်ဆိုက အခုအချိန်မှာတော့ ဝေဖန်မှုတွေရဲ့သားကောင် ဖြစ်လာပါတယ်။ လတ်တလောမှာ အလွန်ဆိုရဲ့နည်းစနစ်ပိုင်း၊ အဝတ်လဲခန်းစီမံခန့်ခွဲမှုနဲ့ တာဝန်ဝတ္တရားတို့အပေါ် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ပေါ်ပေါက်နေပါတယ်။
ဒါတွေကို အဝေးတစ်နေရာမှစောင့်ကြည့်နေပြီး အံ့အားသင့်နေတဲ့ ကာရိုက “ ဥက္ကဌကိုယ်တိုင် နည်းပြကို မရှိမဖြစ်လိုအပ်တဲ့ မကောင်းဆိုးဝါးလို့ ပြောလာမယ်ဆိုရင်၊ နည်းပြကိုပဲ ဝေဖန်မှုတွေရဲ့သားကောင် အမြဲတမ်းဖြစ်နေစေမယ်ဆိုရင် ဒါက လေဗာကူဆင်မှာရရှိဖူးတဲ့အရာနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် အလွန်ကွာခြားတဲ့အခြေအနေတစ်ရပ် ဖြစ်နေပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ကာရိုက ဘွန်ဒက်စ်လီဂါကလပ်အသင်းမှာရှိနေချိန် အလွန်ဆိုကိုယ်တိုင် ရရှိခဲ့ဖူးတဲ့ အပြည့်အဝထောက်ခံပေးမှုတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ ကာရိုက “ ကျွန်တော်တို့အားလုံး တူညီတဲ့ရည်မှန်းချက်ပန်းတိုင်ဆီပဲ အတူတကွလျှောက်လှမ်းခဲ့ပြီး နည်းပြကို တစ်ဦးတည်း ပစ်မထားခဲ့ကြပါဘူး”လို့ ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကာရိုက ရီးရဲလ်မက်ဒရစ်မှ အလွန်ဆိုထွက်ခွာလာမယ့်အချိန် လေဗာကူဆင်ဆီ ပြန်လာနိုင်ဖို့ လမ်းဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။ သူက “ တံခါးဖွင့်ပေးထားပါတယ်။ ဆန္ဒရှိရင် ဘယ်အချိန်မဆို ပြန်လာနိုင်ပါတယ်”လို့ ပြောပါတယ်။