The network connection is lost.

Banner Image

ပွဲစဉ်တွေများပြားနေခြင်းကြောင့် စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားကြောင်း ဂလက်စ်နာ အတည်ပြု

ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာက အသင်းမှာ ပွဲအချိန်ဇယားတွေများပြားနေတာကြောင့် လောလောဆယ်မှာတော့ စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ဂလက်စ်နာဟာ ရာသီကုန်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ချိတ်ဆက်မှုတွေကြောင့် အသင်းကနေထွက်ခွာဖွယ်ရှိသလို၊ မကြာသေးမီက ပဲလေ့စ်ဘက်ကလည်း သူ့ရဲ့နေရာမှာအစားထိုးနိုင်မယ့် နည်းပြသစ်ကိုရှာဖွေနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

လာမယ့်သောကြာနေ့မှာတော့ ပဲလေ့စ်ဟာ ကွန်းဖရန့်လိဂ်ပွဲစဉ်အဖြစ် ဖင်လန်ချန်ပီယံ KuPS နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်သလို၊ တနင်္ဂနွေနေ့မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လိဒ်ကိုအဝေးကွင်းမှာသွားရောက်ကစားကာ ဗုဒ္ဓဟူးနေ့မှာတော့ ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါမှာ ဂလက်စ်နာက ပွဲစဉ်တွေဆက်တိုက်ကစားရဖို့ရှိတာကြောင့် လောလောဆယ်မှာတော့ စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားတယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဩစတြီးယားသားနည်းပြက "ကျွန်တော့်ရဲ့စာချုပ်နဲ့ပတ်သက်ပြီး ဘယ်အချိန်မှာဆွေးနွေးရမလဲဆိုရင် အချိန်ရတဲ့အခါ အေးအေးဆေးဆေးဆွေးနွေးသွားချင်ပါတယ်။ စိတ်အေးနားအေးဖြစ်မယ့် ပတ်ဝန်းကျင်မှာ ဆွေးနွေးချင်ပါတယ်။ လောလောဆယ်မှာတော့ အသင်းက ပွဲစဉ်တွေများနေပါတယ်။ ဒါကြောင့် စာချုပ်ကိစ္စကိုခဏ ရပ်တန့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

သတင်းတွေအရတော့ ဂလက်စ်နာဟာ ရာသီကုန်မှာ အခြားအသင်းသို့ပြောင်းရွှေ့ဖို့ မျှော်လင့်ထားတာကြောင့် ပဲလေ့စ်နဲ့စာချုပ်သက်တမ်းတိုးဖွယ်မရှိဘူးလို့ သိရပါတယ်။ အသက်-၅၁ နှစ်အရွယ်နည်းပြဟာ ပြီးခဲ့တဲ့မေလက ပဲလေ့စ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလားကိုဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၅ နေရာမှာရပ်တည်အောင် စွမ်းဆောင်ပေးထားပါတယ်။ 

ဒါ့အပြင် ဂလက်စ်နာရဲ့စွမ်းဆောင်မှုနဲ့အတူ ကွန်းဖရန့်လိဂ်မှာလည်း ပဲလေ့စ်ဟာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အခြေအနေကောင်းနေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။