အာဆင်နယ်အသင်းက စိုးရိမ်စိတ်တွေနဲ့ ဖိအားတွေ အပြည့်ဖြစ်နေတယ်လို့ အဂူရို အခိုင်အမာပြော
မန်စီးတီးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဆာဂျီယို အဂူရိုက အာဆင်နယ်အသင်းဟာ ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေချိန်မှာ ဖိအားတွေအောက်မှာ ပြိုလဲသွားနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကို မန်စီးတီးက ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်နဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီး လက်ကျန်တစ်ပွဲလည်း ကျန်ရှိနေပါသေးတယ်။
မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့ညမှာ ဘန်လေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ အနိုင်ရဖို့ အပြတ်အသတ် ရေပန်းစားနေသလို ဒီတစ်ပတ် ပွဲစဉ်တွေမတိုင်ခင်မှာပဲ အာဆင်နယ်ကို ကျော်တက်ပြီး ဇယားထိပ်ကို ရောက်ဖို့ ကြိုးစားနေတာပါ။
အာဆင်နယ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရုံတင်မကဘဲ အရင်တစ်ပတ်က ဘုန်းမောက်နဲ့ပွဲမှာလည်း အမှတ်လျော့ခဲ့သလို ကြားထဲမှာကစားခဲ့တဲ့ စပို့တင်းနဲ့ပွဲမှာလည်း ၀-၀ နဲ့ သရေသာ ကစားနိုင်ခဲ့ပါတယ်။
Stake နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အဂူရိုက ရာသီပိတ်ခါနီး အကြိတ်အနယ်ဖြစ်လာချိန်မှာ အာဆင်နယ်ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ရုန်းကန်နေရတယ်လို့ အခုလို ဆိုပါတယ်။
"အခြေအနေက အဲ့ဒီလောက်ကြီး ဆိုးရွားနေတာလားတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ အာဆင်နယ်ကတော့ အကြီးအကျယ် ဖိအားဝင်နေပါပြီ။ သူတို့က ဇယားထိပ်မှာ ရှိနေပေမဲ့ အာဆင်နယ် ပရီမီယံလိဂ်ဖလား မရတာလည်း နှစ်ပေါင်းများစွာ ကြာနေပြီလေ။ အသင်းတိုင်းက သူတို့နဲ့ကစားရင် အားကုန်ထုတ်ကစားကြသလို သူတို့နောက်မှာ လိုက်နေတာကလည်း ဘယ်တော့မှ အမှားမခံတဲ့ မန်စီးတီး ဖြစ်နေတယ်"
"စိုးရိမ်စိတ်တွေနဲ့ ဖိအားတွေ အများကြီး ရှိနေတာပါ။ တစ်ခါတလေမှာ အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်လွန်းတဲ့အခါ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒါက သဘာဝပါပဲ၊ ကစားသမားတွေက အပြည့်အဝ ကောင်းမွန်ချင်ကြတော့ စိတ်က ကစားကွက်ထက် ပိုမြန်နေတတ်တယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာလို့ပဲ ကျွန်တော် ထင်ပါတယ်"
"အာဆင်နယ် ကစားတာ ကောင်းပါတယ်၊ သူတို့ကို ဖိစီးနေတဲ့ တစ်ခုတည်းသော အရာက ဇယားထိပ်မှာ ရှိနေတာပါပဲ။ အရာအားလုံးက မန်စီးတီးမှာ ရှိခဲ့တဲ့ အာတီတာရဲ့ အတွေ့အကြုံနဲ့ ကစားသမားတွေကို ချန်ပီယံဖြစ်လာအောင် ဘယ်လို စည်းရုံးပြောဆိုမလဲ ဆိုတာအပေါ်မှာပဲ မူတည်ပါတယ်။ သူတို့အနေနဲ့ ပွဲစဉ်တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်သွားဖို့ လိုပါတယ်" လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီတစ်ပတ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးက သူတို့နောက်ကနေ အမှားအယွင်းမရှိ ထပ်ကြပ်မကွာ လိုက်နေတာကြောင့် ဒီရာသီ ချန်ပီယံဖလားကို ကိုင်မြှောက်ချင်ရင်တော့ အာဆင်နယ်အနေနဲ့ အမှားအယွင်းမရှိဘဲ အကောင်းဆုံး ကစားသွားရမှာပဲ ဖြစ်ပါတယ်။