The network connection is lost.

Banner Image

ကာရာဘောင်းဖလားအောင်မြင်မှုက ပရီးမီးယားလိဂ်အတွက် အားတက်စရာဖြစ်စေတယ်လို့ဆိုလာတဲ့ အိုရိုင်လေ

မန်စီးတီးကွင်းလယ်လူ နီကို အိုရိုင်လေက ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့တာဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကြိုးပမ်းမှုကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဝမ်ဘလေကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ မန်စီးတီးက ၂ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အိုရိုင်လေက နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာ သူက “ဟုတ်ကဲ့၊ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ နေ့တစ်နေ့၊ အံ့ဩဖို့ကောင်းတဲ့ ပိတ်ရက်ပါပဲ။ ဒီနေ့ပွဲက ကျွန်တော်တို့အတွက် အရမ်းကို အဆင်ပြေခဲ့ပါတယ်။ ၂ ဂိုး - ဂိုးမရှိနဲ့ နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အသာစီးရပြီး ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ ဒီနေ့တော့ အောင်ပွဲခံကြမှာဖြစ်ပြီး အဲဒီနောက်မှာတော့ နိုင်ငံတကာပွဲစဉ်တွေအတွက် အနားယူကြမှာပါ” လို့ ပြောပါတယ်။

“ဒီလိုဖြစ်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ အထူးသဖြင့် ကျွန်တော့်မိသားစု ဒီကိုလာပြီး ကျွန်တော် ဖလားမြှောက်တာကို မြင်ခဲ့ရလို့ပါ။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရခဲ့သလို ဂိုးလည်း နှစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ သူတို့လည်း အရမ်းပျော်နေကြသလို သူတို့ကို ပျော်အောင် ထားနိုင်ခဲ့တဲ့အတွက် ကျွန်တော်လည်း အရမ်းကို စိတ်ချမ်းသာမိပါတယ်” လို့ ဆိုပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပွဲတစ်ပိုင်းနားချိန်မှာ ဘာတွေ ပြောင်းလဲစေခဲ့သလဲဆိုတဲ့အပေါ် သူက ဆက်လက်ပြီး “ကျွန်တော်ထင်တာတော့ နည်းဗျူဟာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေပါပဲ။ ကျွန်တော်တို့ အပြောင်းအလဲနဲ့ ပြင်ဆင်မှု အနည်းငယ် လုပ်ခဲ့ပြီး အဲဒါကလည်း အလုပ်ဖြစ်ခဲ့ပါတယ်။ နေရာလွတ်တွေကို ရှာတွေ့ခဲ့သလို အဲဒီကတစ်ဆင့် ပြိုင်ဘက်ကို ကောင်းကောင်း တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။

ဒီနိုင်ပွဲက ချန်ပီယံဆုအတွက် လှုံ့ဆော်မှု ဖြစ်စေနိုင်မလားဆိုတဲ့အပေါ် အိုရိုင်လေက “ဟုတ်ကဲ့၊ ကျွန်တော်တို့ ဒီနိုင်ပွဲအပေါ် အခြေခံပြီး ဆက်လုပ်သွားဖို့ သေချာပေါက် လိုအပ်ပါတယ်။ ဒါဟာ ပြိုင်ဘက် (အာဆင်နယ်) အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သွားသလို ကျွန်တော်တို့မှာလည်း ပရီးမီးယားလိဂ် လက်ကျန်ပွဲတစ်ပွဲ ရှိနေပါသေးတယ်။ ဒါ့အပြင် သူတို့ကို ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ ကစားရဖို့လည်း ရှိပါသေးတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့၊ အခုချိန်ကစပြီး အကောင်းဆုံး ရှေ့ဆက်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။