ကီပါအတွက် စိတ်မကောင်းဖြစ်နေစရာမလိုဘူးလို့ ပြောကြားလိုက်တဲ့ ဂျိုးဟတ်
အာဆင်နယ်ဂိုးသမား ကီပါအတွက် ဘယ်လို ကိုယ်ချင်းစာနာမှုမျိုးမှ ရှိနေစရာ မလိုဘူးလို့ မန်စီးတီး ဂိုးသမားဟောင်း ဂျိုးဟတ်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ဂိုးသမား ကီပါရဲ့ အမှားကြောင့် နီကိုအိုရိုင်လီက မန်စီးတီးအတွက် အဖွင့်ဂိုး ရရှိခဲ့ပြီး အဲဒီပွဲမှာ မန်စီးတီးက အနိုင်ရရှိသွားခဲ့တာပါ။
အဲဒီပွဲအပြီးမှာ ဂျိုးဟတ်က ဘီဘီစီရေဒီယိုကနေ "ဒါဟာ တကယ့်ကို ဆိုးရွားတဲ့ အခိုက်အတန့်ပါပဲ။ အခုလို အဆင့်မြင့်ပွဲမျိုးမှာ အမှားအယွင်းမခံသလို မန်စီးတီးက ဖိအားပေးကစားနေပေမဲ့လည်း အာဆင်နယ်ရဲ့ ခံစစ်က အေးအေးဆေးဆေး ရှိနေခဲ့တာပါ။ သူတို့တွေဟာ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ဒီရာသီမှာ သက်သေပြခဲ့ပြီးသားပါ" လို့ ပြောပါတယ်။
"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ကီပါရဲ့ လက်ချောင်းတွေကြားထဲက ဘောလုံးလျှောထွက်သွားပြီး အိုရိုင်လီက အသင့်ရှိနေခဲ့တာဟာ အရေးကြီးတဲ့ အခိုက်အတန့်ပါပဲ။ ဒါကို ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒီအမှားအတွက် ကီပါလည်း စိတ်ပျက်နေမှာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်လိုပဲ သူဟာ ဒီပွဲမှာ ပါဝင်ကစားဖို့ အပြည့်အဝ ထိုက်တန်သူပါ၊ သူဟာ ဖလားပွဲစဉ်တွေမှာ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမားတစ်ယောက်ပါပဲ" လို့ ၎င်းက ဆက်ပြောပါတယ်။
"တကယ်တော့ တစ်ပွဲလုံးမှာ သူက အမှားအယွင်းမရှိသလောက်ပါပဲ၊ ဒါပေမဲ့ ဂိုးသမားတစ်ယောက်အတွက် အရေးကြီးတဲ့ အခိုက်အတန့်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျားတို့ သိမှာပါ။ အပေါ်ကို တက်လာတဲ့ ဘောလုံးကို ဖမ်းဖို့ ကြိုးစားခဲ့တာက ခက်ခဲပြီး သူ ကောင်းကောင်း မလုပ်နိုင်ခဲ့တာပါ"
"ကျွန်တော် အမြဲတမ်း ပြောလေ့ရှိတာက ဂိုးသမားတစ်ယောက်အတွက် ဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါနဲ့။ ဒါဟာ သူတို့ ရွေးချယ်ထားတဲ့ ဘဝပဲလေ။ တစ်ပွဲလုံးမှာ သူ အမှားမရှိခဲ့ပေမဲ့လည်း ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ သူ့အတွက် ပြန်စဉ်းစားစရာတွေ ဖြစ်သွားခဲ့တာပေါ့" လို့ ဂျိုးဟတ်က ဆိုပါတယ်။