The network connection is lost.

Banner Image

ယူနိုက်တက်ကိုကျော်ဖြတ်ပြီး လီဗာပူးတို့ ရာသီသိမ်းနိုင်လိမ့်မယ်လို့ ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ ရီစီ

ဂျွန်အာနေးရီစီက အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်ထက်သာလွန်တဲ့ အမှတ်ပေးဇယားရပ်တည်မှုဖြင့် ရုန်းကန်နေရတဲ့လီဗာပူးတို့ ရာသီသိမ်းနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ လတ်တလောမှာ အန်းစလော့ရဲ့အသင်းက ပရီးမီးယားလိဂ်ဦးဆောင်သူအာဆင်နယ်နဲ့ ၁၀ မှတ်အကွာ၊ အဆင့်-၁၀ နေရာမှာ ရှိနေပြီး အင်္ဂါနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အင်တာမီလန်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။

တဖက်မှာလည်း ယူနိုက်တက်က အာမိုရင်လက်အောက် တည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပေမယ့် ယမန်နှစ်ဘောလုံးရာသီ၊ အမှတ်ပေးဇယားအဆင့်-၁၅ နေရာနဲ့ ရာသီသိမ်းခဲ့ချိန်ထက် သိသိသာသာတိုးတက်လာတယ်ဆိုတာကို ငြင်းဆန်လို့မရပါဘူး။ သူတို့တွေက တနင်္လာနေ့မှာ အမှတ်ပေးဇယားအောက်ဆုံးနေရာရှိ ဝုဗ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဇုန်နဲ့တစ်မှတ်အကွာအနေအထားဆီ တက်လှမ်းလာခဲ့ပါတယ်။

ဒါကြောင့် လတ်တလောရပ်တည်မှုမှာ သရဲနီတွေကို ကြိုးကြာနီတွေရဲ့အထက်မှာ မြင်တွေ့နေရပေမယ့် ရီစီကတော့ ဘောလုံးရာသီကုန်ဆုံးချိန် လီဗာပူးရဲ့အမှတ်ပေးဇယားရပ်တည်မှု မြင့်တက်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ FootItalia နဲ့တွေ့ဆုံချိန် ပရီးမီးယားလိဂ်ပွဲ ၃၀၀ ကျော် ကစားခဲ့ဖူးတဲ့ ရီစီက “ မန်ချက်စတာယူနိုက်တက်ထက် လီဗာပူးရဲ့အမှတ်ပေးဇယားရပ်တည်မှု မြင့်မားမယ်ဆိုတာ သေချာပါတယ်။

ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်တဲ့နေရာမှာ မန်ချက်စတာယူနိုက်တက်ကို လိုအပ်နေလို့ အဲ့ဒီလိုအဆင့်မျိုးအထိတော့ ယူနိုက်တက်ကို ရောက်ရှိစေချင်ပါတယ်။ ရူဘင်အာမိုရင်ကိုယ်တိုင်လည်း အကောင်းဆုံးလုပ်စေချင်ပါတယ်။ သူက ကလပ်အသင်းဆီ ရောက်ရှိလာချိန်မှာပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုအချိန်အထိလည်း ခေါင်းမာနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ လီဗာပူးက ယူနိုက်တက်ထက် အမှတ်ပေးဇယားရပ်တည်မှု ပိုမိုကောင်းမွန်ပါလိမ့်မယ်။ ဒီအတွက် မေးခွန်းထုတ်ဖို့တောင် မလိုပါဘူး” လို့ ပြောပါတယ်။ လီဗာပူးကစားသမားဟောင်းတစ်ဦးအနေဖြင့် မန်ချက်စတာယူနိုက်တက်ရဲ့ရုန်းကန်နေရမှုကို မြင်တွေ့ရခြင်းအပေါ် သဘောကျမိသလားဆိုတဲ့ မေးခွန်းကို ရီစီက “ လီဗာပူးမှာကစားခဲ့ချိန်တုန်းက ကျွန်တော်က ယူနိုက်တက်ရဲ့ပွဲစဉ်အားလုံး ရှုံးနိမ့်စေချင်ပြီး သူတို့ကိုလည်း ကျွန်တော်တို့ အစဉ်အမြဲအနိုင်ယူချင်ခဲ့ပါတယ်။

အခုလို ပရိသတ်တစ်ဦးဖြစ်လာချိန်မှာလည်း ကျွန်တော်က ယူနိုက်တက်ကို လီဗာပူးတို့ အနိုင်ရရှိတာပဲ မြင်ချင်နေမိပါတယ်။ ကျွန်တော့်မှာလည်း သရဲနီပရိသတ်သူငယ်ချင်းမိတ်တွေဆွေ အများကြီးရှိပါတယ်။ ယူနိုက်တက်အနိုင်ရရှိချိန်တိုင်း သူတို့အားလုံး ကျွန်တော့်ဆီ မက်ဆေ့ချ်တွေပို့ကြပြီး လီဗာပူးအနိုင်ရရှိရင်တော့ သူတို့ဆီ ကျွန်တော် ဘာမှမပို့ပါဘူး။ ဒါပေမဲ့ ခြုံပြီးပြောရရင် ယူနိုက်တက် အင်အားတောင့်တင်းပြီး စိန်ခေါ်နိုင်စွမ်းရှိနေချိန် ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာ အရမ်းကောင်းမွန်ခဲ့လို့ ယူနိုက်တက်တို့ အကောင်းဆုံးခြေစွမ်းရှိနေတာမျိုး လိုလားမိပါတယ်။

လီဗာပူးကို ဖိအားပေးနိုင်မယ့်အသင်းအဖြစ် ယူနိုက်တက်ကို မြင်တွေ့ချင်ပါတယ်။ ဒါပေမဲ့ လီဗာပူးထက် ပိုကောင်းတဲ့အသင်းမျိုးတော့ မဖြစ်စေချင်ပါဘူး။ သူတို့တွေ ဆုဖလားရသွားမှာ၊ အရမ်းကောင်းတဲ့အသင်းဖြစ်သွားမှာကိုတော့ မလိုလားပါဘူး။ ဒါပေမဲ့ အမှတ်ပေးဇယားထိပ်ပိုင်းနေရာတစ်ဝိုက်မှာတော့ ရှိနေစေချင်ပါတယ်။ ဘောလုံးမှာ မန်ချက်စတာယူနိုက်တက် အကောင်းဆုံးဖြစ်နေဖို့ လိုအပ်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

လီဗာပူးက လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး တနင်္လာနေ့မှာတော့ ယူနိုက်တက်က ဘုန်းမောက်ကို ဧည့်ခံကစားသွားရပါမယ်။