ယူနိုက်တက်မှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရူဘင်အာမိုရင်ရဲ့ လက်ထောက်က ဖွင့်ဟပြောကြားလာ
ရူဘင်အာမိုရင်ရဲ့ ယူနိုက်တက် လက်ထောက်နည်းပြဖြစ်သူ အက်ဒီလီယို ကန်ဒီဒိုက သူတို့အသင်းမှာ ရှိနေစဉ်အတွင်း ဘာတွေမှားယွင်းခဲ့သလဲဆိုတာကို အခုအခါမှာ ဖွင့်ချလိုက်ပါတယ်။
အသက် ၄၁ နှစ်အရွယ် အာမိုရင်ဟာ အိုးထရက်ဖို့ဒ်မှာ ၁၄ လကြာ တာဝန်ယူခဲ့ပြီးနောက် လိဒ်စ်အသင်းနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲအပြီး အသင်းခေါင်းဆောင်ပိုင်းကို ဝေဖန်ပြောကြားခဲ့တာကြောင့် ရာထူးကနေ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ယူနိုက်တက်ဟာ မိုက်ကယ်ကားရစ် လက်အောက်မှာ သိသိသာသာ ခြေစွမ်းတက်လာခဲ့ပြီး အခုဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းတဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပါတယ်။
နည်းပြဟောင်း အာမိုရင်ကတော့ အသင်းက ထွက်ခွာသွားပြီးကတည်းက သူထွက်ခွာခဲ့ရတာ ဒါမှမဟုတ် အသင်းမှာ ရှိနေခဲ့တဲ့ အချိန်တွေနဲ့ ပတ်သက်ပြီး ဘာမှထုတ်ဖော်မပြောခဲ့ပေမဲ့ သူ့ရဲ့ လက်ထောက်ဖြစ်သူကတော့ အခုအခါမှာ အတွင်းရေးအချို့ကို အရိပ်အမြွက် ပြောပြလာခဲ့တာပါ။
A BOLA နဲ့ အင်တာဗျူးမှာ သူက "အတွေ့အကြုံဆိုတာ အတွေ့အကြုံပါပဲ၊ ရလဒ်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်တော်တို့ အမြဲတမ်း သင်ခန်းစာတွေ ရခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"မန်ချက်စတာမှာဆိုရင် မြို့ကိုရော၊ ပရိသတ်တွေ ဘောလုံးအပေါ် ထားရှိတဲ့ ခံယူချက်တွေကိုပါ ကျွန်တော် တကယ်နှစ်သက်ပါတယ်။ သူတို့က ချက်ချင်းလက်ငင်း ရလဒ်ထက်စာရင် အသင်းရဲ့ ရှေ့ဆက်သွားမယ့် စီမံကိန်းအပေါ် ပိုပြီး အာရုံစိုက်ကြပါတယ်။ ကျွန်တော် အနှစ်သက်ဆုံး မဟုတ်တဲ့အရာကတော့ ကျွန်တော်တို့ရဲ့ အိုင်ဒီယာတွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ ခံစားခဲ့ရတာပါပဲ" လို့ ၎င်းက ဆိုပါတယ်။