ဘရိုက်တန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ ဝဲလ်ဘတ်
ဒန်နီဝဲလ်ဘတ်က ဘရိုက်တန်အသင်းနဲ့အတူ စာချုပ်သစ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဝါရင့်တိုက်စစ်မှူးက သူ့ရဲ့လက်ရှိစာချုပ်ထဲမှာပါဝင်တဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုဖို့ သဘောတူညီခဲ့ခြင်းကြောင့် လာမယ့်ဘောလုံးရာသီကုန်အထိ ဘရိုက်တန်မှာ ဆက်ရှိသွားပါလိမ့်မယ်။ဝဲလ်ဘတ်ရဲ့မူလစာချုပ်က အခုဘောလုံးရာသီအပြီး၊ သက်တမ်းကုန်ဆုံးဖို့ ရှိနေခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း စာချုပ်ပါ သက်တမ်းတိုးခွင့်ကို အသုံးပြုခဲ့ပြီးနောက် တစ်နှစ်သက်တမ်းရှိ စာချုပ်သစ်မှာ အတည်ဖြစ်သွားပြီလို့ BBC Sport မှ ဖော်ပြပါတယ်။
အသက် ၃၅ နှစ်အရွယ်ဝဲလ်ဘတ်က လက်ရှိဘရိုက်တန်အသင်းအတွက် ပွဲ ၃၀ ပါဝင်ကစားကာ ၁၁ ဂိုးအထိ သွင်းယူထားပြီး အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ သူက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။