ယူနိုက်တက်ကိုဘာကြောင့်ငြင်းပယ်ခဲ့သလဲရှင်းပြလာတဲ့ အက်စ်တီဗာအို
ထိပ်တန်းကလပ်အသင်း အများအပြားရဲ့ ကမ်းလှမ်းမှုတွေ ရှိနေတဲ့ကြားက ဘာကြောင့် ချဲလ်ဆီးအသင်းကို ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို အက်စ်တီဗာအို ဝီလီယံက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပေမဲ့ အက်စ်တီဗာအိုဟာ ဘာစီလိုနာနဲ့ လီဗာပူးတို့လို အသင်းကြီးတွေနဲ့ပွဲမှာ ချဲလ်ဆီးအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းယူပေးထားပြီးသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ သူ့ကို ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့အတူ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်ဆီ အရှိန်အဟုန်နဲ့ တက်လှမ်းနေတဲ့ သူ့ကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ကြယ်ပွင့်ဟောင်း နေမာနဲ့တောင် နှိုင်းယှဉ်နေကြပါပြီ။
အနောက်လန်ဒန်ကလပ် ချဲလ်ဆီးကို မပြောင်းခင်မှာ မန်ယူနဲ့ တော့တင်ဟမ်တို့က သူ့ကို ဆက်သွယ်စကားပြောခဲ့ကြပေမဲ့ ချဲလ်ဆီးက ပိုမိုကောင်းမွန်တဲ့ စီမံကိန်း ကို ကမ်းလှမ်းခဲ့တာကြောင့် ရွေးချယ်ခဲ့တာလို့ The Sun သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ရှင်းပြခဲ့ပါတယ်။
"ကျွန်တော့်မိသားစုက တခြားကလပ်အသင်းတွေဆီ သွားခဲ့ကြပါသေးတယ်၊ ဒါပေမဲ့ ကျွန်တော့်ကို ပိုပြီး ဆွဲဆောင်နိုင်ခဲ့တာက ချဲလ်ဆီးပါ။ ချဲလ်ဆီးရဲ့ စီမံကိန်းက တခြားအသင်းတွေနဲ့ မတူဘူး၊ ဘယ်လိုပြောရမလဲ... ကစားသမားတစ်ယောက်ကို ပွဲထဲမှာ ပါဝင်ကစားခွင့် ပိုပေးတဲ့ အသင်းမျိုးဖြစ်လို့ပါ" လို့ သူက ဆိုပါတယ်။ "ချဲလ်ဆီးမှာဆိုရင် ကစားခွင့် မိနစ်တွေ ပိုရမှာဖြစ်လို့ ကျွန်တော့်အနာဂတ်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်ချင်တာပါ။ ကျွန်တော့်မှာ ဘယ်လိုအရည်အချင်းတွေရှိတယ်၊ ချဲလ်ဆီးအတွက် ဘာတွေ လုပ်ပေးနိုင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်၊ ပြီးတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းထဲ ပါဝင်လာဖို့လည်း ရည်မှန်းထားပါတယ်" လို့ အက်စ်တီဗာအိုက ပြောကြားခဲ့ပါတယ်။
အက်စ်တီဗာအိုဟာ အခုလက်ရှိ ပရီမီယာလိဂ်မှာ တစ်ပွဲကို ပျှမ်းမျှ တစ်ကိုယ်တော် ဘောလုံးဆွဲယူမှု (dribble) ၁.၄ ကြိမ် ပြုလုပ်နေပြီး ဒါဟာ ချဲလ်ဆီးအသင်းထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ကြယ်ပွင့်လေးဟာ နည်းပြ လီယမ် ရိုဆင်နီယာရဲ့ လက်အောက်မှာ အင်္ဂလန်နိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသားကျစေဖို့ အင်္ဂလိပ်စာ သင်တန်းတွေကို ပုံမှန် တက်ရောက်နေပြီး ပြီးခဲ့တဲ့ အပတ်က သင်တန်းတစ်ခုမှာဆိုရင် ရုပ်သံကင်မရာတွေကိုတောင် ဝင်ရောက်ရိုက်ကူးခွင့် ပြုခဲ့ပါသေးတယ်။
ပေါင်နောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ အက်စ်တီဗာအိုဟာ ဒီအပတ် အက်စတွန်ဗီလာနဲ့ပွဲ မတိုင်ခင်မှာ ကွင်းထဲမှာ ပြန်လည်ပြေးလွှား လေ့ကျင့်နေပြီဖြစ်ပြီး အသင်းလူစာရင်းထဲ ပြန်ပါလာဖို့ ကြိုးစားနေပြီလို့ နည်းပြ ရိုဆင်နီယာက ပြောကြားခဲ့ပါတယ်။