The network connection is lost.

Banner Image

ဝုဗ်အသင်းက မရောင်းချင်တဲ့ မာနေးကို လီဗာပူး၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ စိတ်ဝင်စားနေ

ဝုဗ်အသင်းရဲ့ တိုက်စစ်ကွင်းလယ်လူ မားသီးယပ်စ်မာနေးဟာ သူ့ရဲ့အနာဂတ်အတွက် စဉ်းစားဆုံးဖြတ်နေချိန်မှာပဲ ထိပ်တန်းကလပ်အသင်းကြီးတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၁၈ နှစ်အရွယ် ဒီလူငယ်ကစားသမားဟာ အခုရာသီမှာမှ ထင်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သူကစားနေတဲ့ ဝုဗ်အသင်းဟာ ၂၉ ပွဲကစားပြီးချိန်မှာ ၁၄ မှတ်ပဲ ရရှိထားတာကြောင့် တန်းဆင်းရဖို့ သေချာသလောက် ရှိနေပေမဲ့ မာနေးကတော့ အသင်းမှာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

မာနေးရဲ့ စာချုပ်သက်တမ်းက ၂၀၂၉ နွေရာသီအထိ ရှိနေပေမဲ့ နောက်ရာသီ ချန်ပီယံရှစ်မှာ ကစားရဖို့များနေတဲ့ ဝုဗ်အသင်းဘက်ကတော့ သူ့ရဲ့ခြေစွမ်းကောင်းတွေ ဆက်ရှိနေမယ်ဆိုရင် စာချုပ်သစ်တိုးမြှင့်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

TalkSPORT ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ ရာသီကုန်ချိန်မှာ ဈေးနှုန်းလျှော့ပေါ့ပြီး ခေါ်ယူဖို့ ကြိုးစားနေကြပေမဲ့ ဝုဗ်အသင်းကတော့ ဒီလူငယ်လေးကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေတာပါ။

လာမယ့် အင်္ဂါနေ့ ပရီမီယံလိဂ်ပွဲစဉ်မှာ လီဗာပူးနဲ့ ဝုဗ်တို့ ရင်ဆိုင်ရမှာဖြစ်သလို သောကြာနေ့မှာလည်း FA ဖလားပွဲစဉ်အဖြစ် ထပ်မံတွေ့ဆုံဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးအနေနဲ့ တစ်ရာသီလုံး ခြေစွမ်းပြနေတဲ့ ဒီကွင်းလယ်လူကို အနီးကပ် စောင့်ကြည့်ဖို့ အခွင့်အရေးကောင်း နှစ်ကြိမ်တိုင်တိုင် ရရှိမှာ ဖြစ်ပါတယ်။

မာနေးဟာ အခုရာသီ ပရီမီယံလိဂ် ၁၈ ပွဲ ကစားထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၇ ပွဲအထိ ရှုံးပွဲမရှိအောင်လည်း သူက အသင်းကို ကူညီပေးထားနိုင်ခဲ့ပါတယ်။

ဝုဗ်အသင်းအတွက် ကစားဖို့ ၁၀ ပွဲ ကျန်ရှိနေသေးတာကြောင့် မာနေးအနေနဲ့ အသင်းကြီးတွေရဲ့ အာရုံစိုက်မှု ပိုရလာအောင် သူ့ရဲ့ခြေစွမ်းကို ထပ်မံပြသသွားဖို့ ရှိနေပါတယ်။ လူအများစုကလည်း သူ့ကို အသင်းကြီးတွေမှာ ကစားသင့်သူလို့ ယူဆနေကြပါတယ်။

သတင်းတွေအရ ဝုဗ်အသင်းက ဒီလူငယ်လေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အသင်းသာ ဒုတိယတန်းကို တန်းဆင်းသွားခဲ့မယ်ဆိုရင်တော့ ဒီပြောင်းရွှေ့ကြေးက အများကြီး လျော့ကျသွားနိုင်ပါတယ်။