အာတီတာက သူ့ရဲ့မိသားစုဝင်တစ်ဦးကို နှုတ်ဖြင့် စော်ကားခဲ့တယ်လို့ စွပ်စွဲလိုက်တဲ့ ပေါ်တိုနည်းပြ ကွန်စီကာအို
ဒီနေ့မနက်ပိုင်း၊ အာဆင်နယ်တို့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်(ဒု-ကျော့)ပွဲစဉ်အတွင်း ဂန်းနားနည်းပြ အာတီတာရဲ့ ကွင်းဘေးစည်းအနီး နှုတ်ဖြင့်စော်ကားတိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ ပေါ်တိုနည်းပြ ကွန်စီကာအိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။
အခုပွဲစဉ်မှာ သာမန်ပွဲကစားချိန်အပြင် အချိန်ပိုမိနစ် ၃၀ အထိ အာဆင်နယ်က ၁-၀ ဂိုးဖြင့် ဦးဆောင်နေလို့ နှစ်ကျော့ပေါင်းရလဒ် တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ဖြစ်ပေါ်လာကာ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်ကန်သွင်းချိန်မှာတော့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ပြိုင်ဘက်ရဲ့ပယ်နယ်တီကန်သွင်းမှုနှစ်ကြိမ်ကို လက်စွမ်းပြကာကွယ်ကာ ကွာတားဖိုင်နယ်အဆင့်ဆီ ဂန်နားတွေကို အရောက်ပို့ဆောင်ပေးတဲ့ ဟီရိုးတစ်ဦးဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်ရဲ့နိုင်ပွဲအပြီး ကွန်စီကာအိုနဲ့ အာတီတာတို့ ကွင်းဘေးစည်းမှာ ခေတ္တမျှ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အငြင်းပွားမှုအနည်းငယ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပေါ်တိုကစားသမားတွေနဲ့အတူ ကွန်စီကာအိုက အသင်း ပရိသတ်တွေကို အားပေးနှုတ်ဆက်ရင်း ကွင်းတွင်းဥမင်လှိုဏ်ခေါင်းဆီ ဝင်ရောက်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ ကွန်စီကာအိုက ပွဲကစားချိန်အတွင်း သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ မိသားစုဝင်တစ်ဦးဟာ အာတီတာရဲ့ နှုတ်ဖြင့်စော်ကားတိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း အာတီတာရဲ့ပြောဆိုမှုအကြောင်းကို မေးမြန်းလာရာ ကွန်စီကာအိုက “အာတီတာ ပြောခဲ့တဲ့အရာ ဒါမှမဟုတ် အာတီတာ မပြောခဲ့ဖူးလားဆိုတာ သိပ်တော့လည်း အရေးမကြီးပါဘူး။ ပွဲချိန်အတွင်းမှာတော့ သူက အာဆင်နယ်အသင်းအရန်ခုံတန်းဆီ လှည့်ပြီး စပိန်လိုပြောခဲ့ပါတယ်။ ပက်ဂွါဒီယိုလာနဲ့လည်း အခုလိုမျိုး ကြုံတွေ့ခဲ့ရဖူးလို့ ဒါက စပိန်လူမျိုးနည်းပြတွေရဲ့လက်သုံးစကားတစ်ခု ဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော့်ရဲ့မိသားစုကို တိုက်ခိုက်ခဲ့ပါတယ်။ အဆုံးမှာတော့ သူစော်ကားခဲ့တဲ့ လူဟာ အခုလူလောကမှာ မရှိတော့တာကြောင့် ပွဲစဉ်အပေါ် အာရုံစိုက်ထားဖို့ပဲ ကျွန်တော် အာတီတာကို အကြံပေးခဲ့ပါတယ်။ သူ့အသင်းနဲ့ ပတ်သက်တဲ့ နည်းပြပိုင်းအပေါ် စိုးရိမ်ပူပန်ဖို့ပဲ ကျွန်တော် အာတီတာဆီ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ကစားသမားတွေရဲ့ တစ်ဦးချင်း အရည်အသွေးတွေ ပိုပြီးတိုးတက်လာအောင် လုပ်ဆောင်ဖို့နဲ့ ပိုကောင်းလာစေဖို့ အာတီတာမှာပဲ တာဝန်ရှိနေတာကြောင့် ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒါပေမယ့် ဂန်းနားနည်းပြကတော့ အခုလိုစွပ်စွဲမှုအပေါ် ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့တယ်လို့ အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ထံမှ သိရပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ကွန်စီကာအိုနဲ့ အခြေအတင်ဖြစ်ခဲ့မှုနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အာတီတာက “ဘာမှတ်ချက်ကိုမှ မပေးပါရစေနဲ့၊ ကျေဇူးအများကြီးတင်ပါတယ်”လို့ ယတိပြတ်ပြောဆိုခဲ့ပါတယ်။