
ဂျာအိုဖီးလစ်ကို ရောင်းချဖို့ဆွေးနွေးနေတာ အဆင်ပြေနေတဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ပေါင် ၄၅ သန်းလောက်နဲ့ရောင်းချဖို့ ဆွေးနွေးနေတာ အဆင်ပြေနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက တီကိုအသင်းထံကနေ ဖီးလစ်ကိုခေါ်ယူခဲ့တာဖြစ်ပြီး ဆန့်ကျင်ဘက်အနေနဲ့ ဂယ်လာဟာကို ပေါင် ၃၃ သန်းနဲ့ ရောင်းထုတ်ခဲ့ရပါတယ်။
ဖီးလစ်ဟာ ၂၀၂၃ တုန်းက ချဲလ်ဆီးအသင်းထံအငှားလာကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၇ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီသားဟာ နည်းပြသစ် မာရက်စ်ကာလက်အောက်မှာ ပွဲထွက်ခွင့်အနည်းငယ်သာရရှိခဲပြီး အေစီမီလန်ထံအငှားမထွက်ခင် ပရီးမီးယားလိဂ် ၃ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။
မီလန်ဘက်က အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်မပါဝင်ပေမယ့် အခုချိန်မှာ ကနဦးအပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အမှန်တကယ်မှာလည်း မိုဗစ်က ဖီးလစ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အရာအားလုံးဖြစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဖီးလစ်ဟာ ကွန်ဆီကာအိုလက်အောက်မှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပြည်တွင်းမီဒီယာတွေ ပရိသတ်တွေရဲ့ဝေဖန်ခြင်းခံနေရတယ်လို့ သိရပါတယ်။
အေစီမီလန်ဘက်က အခုရာသီအစောပိုင်းမှာ ဖီးလစ်ကို အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် နွေရာသီမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပေါ်တူဂီအခြေစိုက်သတင်းဌာနတစ်ခုကတော့ ဘင်ဖီကာအသင်းဟာ ဖီးလစ်အတွက် ချဲလ်ဆီးနဲ့ဆွေးနွေးနေတာအဆင်ပြေနေတယ်လို့ ဆိုပါတယ်။ ဘင်ဖီကာဥက္ကဌ ကော်စတာကတော့ ဖီးလစ်ကို အသင်းဟောင်းထံပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
လာမယ့်ဇွန်လ ၁၅ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလားစတင်မှာဖြစ်တာကြောင့် ဖီးလစ်ကို အချိန်မီခေါ်ယူနိုင်ဖို့ အလိုရှိနေပါတယ်။ ဖီးလစ်ဟာ ၂၀၁၉ တုန်းက တီကိုအသင်းထံမပြောင်းခင် ဘင်ဖီကာအသင်းအတွက် တစ်ရာသီတည်းမှာ ၂၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တီကိုအသင်းမှာ ခြေစွမ်းကျလာမှုနဲ့အတူ ချဲလ်ဆီး ၊ ဘာစီလိုနာ ၊ အေစီမီလန်တို့ထံမှာ အငှားထွက်ကစားခဲ့ရပါတယ်။
ကစားသမားဘက်ကလည်း ငယ်ဘဝကလပ်ထံ ပြန်လည်ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပြီး ဘင်ဖီကာအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက လစ္စဘွန်းအသင်းရဲ့နောက် ၂ မှတ်အကွာအဆင့် ၂ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။