
ဂျာမနီနဲ့ပွဲစဉ်အတွင်း အသေးစိတ်အချက်လက်လေးတွေက အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်လို့ ယူဆနေတဲ့ မာတီနက်ဇ်
ဒီည၊ ဂျာမနီနဲ့နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အလွန်သေးငယ်တဲ့ အသေးစိတ်အချက်အလက်တွေက ကွဲပြားခြားနားမှုကို ဖြစ်စေလိမ့်မယ်လို့ ပေါ်တူဂီနည်းပြရော်ဘတ်တိုမာတီနက်ဇ်ကိုယ်တိုင် ယုံကြည်နေပါတယ်။ ပေါ်တူဂီအသင်းက ၂၀၁၉ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးလေးသင်းအဆင့်ဆီ ပြန်လည်ရောက်ရှိလာပြီး ဒုတိယမြောက်ချန်ပီယံဆုကို ရယူကာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်လာဖို့ ရည်မှန်းထားပါတယ်။
၂၀၁၆ ယူရိုချန်ပီယံတွေက လာမယ့်တနင်္ဂနွေနေ့မှာ ပြင်သစ်(သို့မဟုတ်)စပိန်နဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရန် အိမ်ရှင်ဂျာမနီဆိုတဲ့ ခက်ခဲမယ့်စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရပါလိမ့်မယ်။ အိမ်ကွင်းအားသာချက်ကို အရေးပါတဲ့အစိတ်အပိုင်းတစ်ခုလို့ ယူဆထားတဲ့ မာတီနက်ဇ်က ပြိုင်ဘက်အသင်းနှစ်ခုအကြား အလွန်သေးငယ်တဲ့ကွာဟချက်ကြောင့် အလိုင်းယန့်ဇ်အရီနာကွင်းပွဲစဉ်ရဲ့ အဆုံးအဖြတ်ရလဒ် ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
သူက “ တောင့်တင်းလွန်းတဲ့ ဂျာမနီနဲ့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုထက် ပိုကြီးမားတဲ့အရာ မရှိတော့ပါဘူး။ နာဂယ်စ်မန်းကလည်း ရှင်းလင်းပြတ်သားလှတဲ့ အတွေးအခေါ်တွေနဲ့အတူ အလွန်စိတ်ဝင်စားစရာကောင်းလှတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ဘယ်ကစားသမားပဲဖြစ်ဖြစ် ပြီးပြည့်စုံမှုရှိအောင် နာဂယ်စ်မန်းလုပ်ပေးနိုင်လို့ ဒါဟာ ကြီးမားလှတဲ့ခွန်အားတစ်ရပ် ဖြစ်ပါတယ်။
နောက်ပြီး ဒုတိယမြောက်စိန်ခေါ်မှုအဖြစ် ဂျာမန်မြေပေါ်မှာ ကစားသွားရမယ့်အချက် ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်ရှစ်ခုမှာ အိမ်ရှင်အသင်းအရေးနိမ့်တဲ့ပွဲစဉ်ဆိုလို့ တစ်ပွဲတည်းသာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ကျော်ဖြတ်သွားရမယ့်အရာ ဖြစ်ပါတယ်။ အခုပွဲစဉ်ဆီ ရောက်ရှိလာမယ့် ပေါ်တူဂီပရိသတ် ၁၀,၀၀၀ ကျော်ရဲ့အားပေးမှုကို အသုံးချသွားရမယ်ဆိုတာ သေချာပါတယ်။
ဂျာမနီနဲ့ရင်ဆိုင်ရချိန် စွန့်စားမှုတွေ လုပ်ဆောင်နိုင်တဲ့ အသင်းတစ်ခု ဖြစ်ချင်ပါတယ်။ ဒါက ပွဲကြီးပွဲကောင်း ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ဖက်အသင်းဂိုးစည်းတွေထဲမှာ အလုပ်တွေ အတော်များများရှိနိုင်ပြီး အလွန်သေးငယ်တဲ့အသေးစိတ်အချက်အလက်တွေနဲ့အတူ အဆုံးအဖြတ်ရလဒ် ထွက်ပေါ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
ပေါ်တူဂီက ယူရို-၂၀၀၀ ပြိုင်ပွဲမှာ ကွန်စီကာအိုရဲ့ဟက်ထရစ်နဲ့အတူ ဂျာမနီကို အနိုင်ရရှိပြီးနောက်ပိုင်း လတ်တလောထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ငါးခုလုံးကို ရှုံးနိမ့်ခဲ့ပါတယ်။