နာဂယ်စ်မန်းရဲ့လုပ်ဆောင်ပုံတွေအပေါ် ဂျာမနီဘောလုံးအဖွဲ့ချုပ်ဝန်ထမ်းတစ်ဦး ဝေဖန်ပြစ်တင်
မြောက်အမေရိကမြေကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း အကြီးအကျယ်ရှုံးနိမ့်ခဲ့မှုနောက်ကွယ်မှ စိတ်ပျက်စရာ အကြောင်းအရာအချို့ကို အမည်မဖော်လိုသူလက်ရွေးစင်အသင်းဝန်ထမ်းတစ်ဦးက ဖွင့်ချလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားအိမ်မက်ဆိုးနဲ့ပတ်သက်လို့ ပြန်လည်ဆန်းစစ်မှုတွေ ဆက်လုပ်နေချိန်အတွင်း ဂျာမနီလက်ရွေးစင်အသင်းနဲ့ပတ်သက်တဲ့ သတင်းစကားတွေလည်း အမျိုးမျိုးထွက်ပေါ်နေပါတယ်။
Der Spiegel သတင်းဌာနရဲ့ဖော်ပြချက်အရ အမေရိကန်မှ စောစောစီးစီးပြန်လာရပြီးနောက် ကစားသမားဟောင်းတွေဆီမှ ဝေဖန်မှုတွေကို နည်းပြဟောင်းနာဂယ်စ်မန်း ခံယူနေရတယ်လို့ သိရပါတယ်။
Der Spiegel ရဲ့သတင်းမှာ "လက်ရွေးစင်ကစားသမားတွေရဲ့ပြောကြားချက်အရ သူတို့ကပဲ နာဂယ်စ်မန်းဆီ အရင်ဆုံး အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရတယ်လို့ သိရပါတယ်။ နာဂယ်စ်မန်းက သူတို့ကို အချိန်ဆွဲလျစ်လျူရှုထားတယ် သို့မဟုတ် မှားယွင်းတဲ့ကတိစကားတွေ ပေးတယ်လို့ ခံစားနေကြရပါတယ်။ ပြိုင်ပွဲကာလအတွင်းမှာလည်း နာဂယ်စ်မန်းနဲ့ အဆက်သွယ်ပြတ်တောက်နေတာမျိုးကို အချို့က သတိထားမိကြပါတယ်"လို့ ဖော်ပြထားပါတယ်။
ဒီလိုကိစ္စတွေရဲ့နောက်ကွယ်မှာ နာဂယ်စ်မန်းကိုယ်တိုင် ကစားသမားတွေကို ငြင်းပယ်ဖို့ သို့မဟုတ် သတင်းဆိုးတွေ ပြောပြဖို့အတွက် အခက်အခဲရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ဂိုးသမားဘော့မန်းက အသင်းဆီ နူအာပြန်လာမယ့်အကြောင်းကို တိုက်ရိုက်အင်တာဗျူးတစ်ခုအတွင်း သိရှိခဲ့ရတဲ့ကိစ္စမျိုး ဖြစ်ပါတယ်။
အခြားအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကလည်း အသင်းအတွင်း တစ်ဦးကောင်းတစ်ယောက်ကောင်း တစ်ကိုယ်တော်စွမ်းရည်ပြသပုံမျိုး ရှိနေသလို မိမိကိုယ်ကိုယ်ပဲ ဗဟိုပြုတဲ့ အတ္တကြီးသူတွေ များပြားလွန်းတယ်လို့ Der Spiegel ဆီ ပြောကြားခဲ့ပါတယ်။
"သူတို့အားလုံး လူကောင်းတွေပါ။ ဒါပေမဲ့ မှတ်တမ်းဗီဒီယိုတွေ ရိုက်တာ၊ ကြော်ငြာတာ၊ ဆိုရှယ်မီဒီယာသုံးတာ စတဲ့ အခြားအရာတွေဘက်ကိုပဲ အာရုံရောက်နေခဲ့ကြပါတယ်" လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။