The network connection is lost.

Banner Image

နေးရှင်းလိဂ်အုပ်စုအဆင့်မှာ အင်္ဂလန်၊ စပိန်နဲ့ ခရိုအေးရှားတို့တစ်အုပ်စုတည်းကျရောက်နေ

၂၀၂၆-၂၇ နေရှင်းလိဂ် အုပ်စုအဆင့်မှာ အင်္ဂလန်အသင်းဟာ စပိန်၊ ခရိုအေးရှား၊ ချက်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဝေးလ်အသင်းကတော့ လက်ရှိချန်ပီယံ ပေါ်တူဂီနဲ့ တစ်အုပ်စုတည်း ဖြစ်နေပါတယ်။ 
အင်္ဂလန်နဲ့ ဝေးလ်တို့ဟာ ရှုံးထွက်အဆင့်တက်လှမ်းနိုင်ဖို့ ဒိန်းမတ်၊ နော်ဝေးတို့နဲ့လည်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး နှစ်သင်းလုံးဟာ ၂၀၂၄-၂၅ ပြိုင်ပွဲတုန်းက လိဂ် (A) ကို တက်လှမ်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ 
၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်နွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရတော့မယ့် စကော့တလန်အသင်းကတော့ လိဂ် (B) အုပ်စုထဲမှာ ဆွစ်ဇာလန်၊ ဆလိုဗေးနီးယား၊ မြောက်မက်စီဒိုးနီးယားတို့နဲ့ တွေ့ဆုံနေပါတယ်။ 
လိဂ် (B) ထဲမှာပဲ မြောက်အိုင်ယာလန်က ဟန်ဂေရီ၊ ယူကရိန်း၊ ဂျော်ဂျီယာတို့နဲ့ ကစားရမှာဖြစ်ပြီး အိုင်ယာလန်သမ္မတနိုင်ငံအသင်းကတော့ အစ္စရေး၊ သြစတြီးယား၊ ကိုဆိုဗိုတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 
ငါးကြိမ်မြောက် ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဇွန်လအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 
ဒီပြိုင်ပွဲရဲ့ လိဂ် (A)၊ (B) နဲ့ (C) တို့မှာ တစ်အုပ်စုကို လေးသင်းစီပါတဲ့ အုပ်စုလေးခုစီရှိပြီး လိဂ် (D) မှာတော့ တစ်အုပ်စုကို သုံးသင်းစီပါတဲ့ အုပ်စုနှစ်ခု ရှိပါတယ်။
ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ ပေါ်တူဂီအသင်းဟာ အိမ်နီးချင်း စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် နေရှင်းလိဂ်ဖလားကို ရယူခဲ့ပါတယ်။ 
ယူရို ၂၀၂၄ မှာ စပိန်ကိုရှုံးပြီး ဒုတိယရခဲ့တဲ့ အင်္ဂလန်အသင်းဟာ ၂၀၁၈-၁၉ နေရှင်းလိဂ်တုန်းကလည်း စပိန်၊ ခရိုအေးရှားတို့နဲ့ တစ်အုပ်စုတည်း ကျခဲ့ဖူးပြီး အဲဒီတုန်းက အုပ်စုပထမ ရခဲ့ပါတယ်။ 

အုပ်စုခွဲထားတဲ့ ပုံစံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

လိဂ် (A)
အုပ်စု (A1) - ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ တူရကီ
အုပ်စု (A2) - ဂျာမနီ၊ နယ်သာလန်၊ ဆားဘီးယား၊ ဂရိ
အုပ်စု (A3) - စပိန်၊ ခရိုအေးရှား၊ အင်္ဂလန်၊ ချက်
အုပ်စု (A4) - ပေါ်တူဂီ၊ ဒိန်းမတ်၊ နော်ဝေး၊ ဝေးလ်

လိဂ် (B)
အုပ်စု (B1) - စကော့တလန်၊ ဆွစ်ဇာလန်၊ ဆလိုဗေးနီးယား၊ မြောက်မက်စီဒိုးနီးယား
အုပ်စု (B2) - ဟန်ဂေရီ၊ ယူကရိန်း၊ ဂျော်ဂျီယာ၊ မြောက်အိုင်ယာလန်
အုပ်စု (B3) - အစ္စရေး၊ သြစတြီးယား၊ အိုင်ယာလန်၊ ကိုဆိုဗို
အုပ်စု (B4) - ပိုလန်၊ ဘော့စနီးယား၊ ရိုမေးနီးယား၊ ဆွီဒင်

လိဂ် (C)
အုပ်စု (C1) - အယ်လ်ဘေးနီးယား၊ ဖင်လန်၊ ဘီလာရုစ်၊ ဆန်မာရီနို
အုပ်စု (C2) - မွန်တီနီဂရိုး၊ အာမေးနီးယား၊ ဆိုက်ပရပ်စ်၊ ဂျီဘရော်လ်တာ သို့မဟုတ် လတ်ဗီးယား*
အုပ်စု (C3) - ကာဇက်စတန်၊ ဆလိုဗက်ကီးယား၊ ဖာရိုးကျွန်းစု၊ မော်လ်ဒိုဗာ
အုပ်စု (C4) - အိုက်စလန်၊ ဘူလ်ဂေးရီးယား၊ အက်စ်တိုးနီးယား၊ လူဇင်ဘတ် သို့မဟုတ် မော်လ်တာ*

လိဂ် (D)
အုပ်စု (D1) - ဂျီဘရော်လ်တာ သို့မဟုတ် လတ်ဗီးယား၊ လူဇင်ဘတ် သို့မဟုတ် မော်လ်တာ၊ အင်ဒိုရာ
အုပ်စု (D2) - လစ်သူယေးနီးယား၊ အဇာဘိုင်ဂျန်၊ လက်ချင်စတိန်း

(* ဂျီဘရော်လ်တာနဲ့ လတ်ဗီးယား၊ လူဇင်ဘတ်နဲ့ မော်လ်တာတို့ဟာ ဘယ်သူက လိဂ် (C) နဲ့ လိဂ် (D) မှာ ကစားရမလဲဆိုတာကို ဆုံးဖြတ်ဖို့ လာမယ့် မတ်လမှာ ပလေးအော့ဖ်ပွဲစဉ်တွေ ကစားကြရမှာ ဖြစ်ပါတယ်။)