
ဆိုဘိုဆလိုင်းရဲ့အံ့မခန်းဖရီးကစ်သွင်းဂိုးအတွက် Puma ဘောလုံးသစ်ကို အပြစ်တင်ခဲ့တဲ့ ဒေးဗစ်ရာယာ
ဆိုဘိုဆလိုင်းရဲ့အံ့မခန်းပြင်းထန်လှတဲ့ဖရီးကစ်ကန်ချက်နဲ့ ကြုံတွေ့ရပြီးနောက် ဂိုးခွင့်ပြုပေးရမှုကို အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာက Puma ကုမ္ပဏီထုတ် ပရီးမီးယားလိဂ်ဘောလုံးသစ်နဲ့လည်း တစိတ်တပိုင်းအားဖြင့် သက်ဆိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယမန်နေ့(တနင်္ဂနွေနေ့)၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးက အာဆင်နယ်ကို ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်သွင်းဂိုးနဲ့အတူ ၁-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပြန်လည်တက်လှမ်းလာခဲ့သလို ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းနှစ်ခုအကြား အန်ဖီးလ်ကွင်းအတွင်း မိနစ် ၈၀ ကျော်ကြာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက် ကာတစ်ဂျုံးစ်ကို ဇူဘီမန်ဒီ ကစားပုံကြမ်းတမ်းခဲ့လို့ အိမ်ရှင်တို့ ဖရီးကစ်ကန်ခွင့်တစ်ကြိမ် ရရှိခဲ့ပါတယ်။ ဒီဖြတ်ထုတ်မှုကြောင့်ပဲ စပိန်သားကွင်းလယ်လူလည်း အဝါကတ်ပြသခံခဲ့ရပါတယ်။ ပြိုင်ဘက်ဂိုးပေါက်နဲ့ ၂၅ ကိုက်အကွာအဝေးမှာ ရရှိလာတဲ့ ဖရီးကစ်ကန်ခွင့်ကို ဆိုဘိုဆလိုင်းက လှပအားပါပြင်းထန်တဲ့ကန်ချက်ဖြင့် အဆုံးသတ်ပြီး သွင်းဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီကန်ချက်ကို ဒေးဗစ်ရာယာကိုယ်တိုင် ကာကွယ်နိုင်ဖို့ အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အခုနွေရာသီကာလအစောပိုင်းမှာပဲ ၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် အသုံးပြုမယ့် ဘောလုံးတွေကို ပုံမှန် Nike အစား Puma မှ ထုတ်လုပ်ပေးလိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ လတ်တလောမှာ ဒေးဗစ်ရာယာက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်သွင်းဂိုးအတွက် Puma ဘောလုံးကို တိုက်ရိုက်အပြစ်မတင်ပေမယ့် ဘောလုံးအမျိုးအစားသစ်နဲ့ အသားကျအောင် လုပ်ဆောင်နေရဆဲပဲလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် စပိန်သားဂိုးသမားက “ Nike ဘောလုံးနဲ့တော့ မတူပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ အသားကျဖို့ လိုအပ်ပါတယ်။ ဘောလုံးကို ဆုပ်ကိုင်ထားရချိန်မှာလည်း မတူညီသလို ကန်ရချိန်မှာလည်း မတူညီပါဘူး။ နှစ်ပေါင်းများစွာကြာ Nike ဘောလုံးတွေနဲ့ ကစားခဲ့တဲ့ ကျွန်တော်တို့အတွက် အသားကျဖို့ လိုအပ်နေရုံလေးပါပဲ။ လူတိုင်းအတွက်လည်း အတူတူပဲ ဖြစ်ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့က ပြိုင်ဘက်ကို တိုက်စစ်ဆင်ချင်ခဲ့သလို ထိန်းချုပ်နိုင်အောင်လည်း လုပ်သွားချင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ လီဗာပူးကို ထိန်းချုပ်နိုင်ဖို့ စရိုက်လက္ခဏာများစွာ ပြသခဲ့ပါတယ်။ ဒီအချက်မှတဆင့် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကို ယူဆောင်သွားရပါမယ်။ သူတို့အတွက်တော့ မှော်ဆန်တဲ့အခိုက်အတန့်တစ်ခုနဲ့ အဆင်ပြေမယ့်ရလဒ်မျိုး ဖြစ်လာပါတယ်။ ကျွန်တော်တို့လည်း ထိပ်သီးပြိုင်ဘက်အသင်းခြောက်ခုနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အများစုမှာ မရှုံးနိမ့်ခဲ့ပါဘူး။ ကဏ္ဍတိုင်းမှာ သင်ယူလေ့လာသွားရမယ့်အရာတွေ အများကြီးရှိပါတယ်။ ဒါတွေကို အမြဲတမ်းသင်ယူသွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒေးဗစ်ရာယာက ဂိုးပေးလိုက်ရမှုအပေါ် မကာကွယ်နိုင်ခဲ့လို့ ဘယ်လောက်အထိ စိတ်ပျက်ခဲ့သလဲဆိုတာကို ထုတ်ဖော်လာခဲ့ပါတယ်။ သူက “ ဒီဂိုးကို ပြန်မကြည့်ရသေးပါဘူး။ ပေးလိုက်ရတဲ့ဂိုးတိုင်းအတွက် မကာကွယ်နိုင်လို့ စိတ်ပျက်မိခဲ့ပါတယ်။ အရမ်းကောင်းတဲ့ကန်ချက်လို့ ထင်ပါတယ်။ ဘောလုံးက ကျွန်တော်နဲ့ဝေးရာဆီ အရှိန်ပြင်းပြင်းနဲ့ရောက်ရှိလာတယ်ဆိုတာကို မှတ်မိပါတယ်။ နောက်တစ်ကြိမ်ကျရင်တော့ ကာကွယ်နိုင်ဖို့ မျှော်လင့်မိပါတယ်။ အထူးသဖြင့် ဘောလုံးအမျိုးအစားသစ်နဲ့အတူ အရမ်းကောင်းမွန်တဲ့ကန်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေ အသားကျဖို့ လိုအပ်နေတုန်းပါပဲ။ ဘောလုံးက ကျွန်တော်ရဲ့ဝေးရာဆီ ရောက်သွားလို့ ပုတ်ထုတ်ကာကွယ်ဖို့ ခက်ခဲခဲ့ပါတယ်”လို့ ပြောပါတယ်။
ဘောလုံးရာသီသစ်စတင်လာချိန်မှာပဲ ပုံစံကောင်းဆက်တိုက်ပြသနေတဲ့ လီဗာပူးက နိုင်ငံတကာသီတင်းပတ်အပြီး စက်တင်ဘာ ၁၄ ရက်မှာ ဘန်လေနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲရပါမယ်။