
ကွန်စီကာအိုကို နည်းပြရာထူးမှထုတ်ပယ်လိုက်တဲ့ အေစီမီလန်
လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်တွေနဲ့ ဝေးကွာခဲ့ရတဲ့ စိတ်ပျက်ဖွယ်ဘောလုံးရာသီတစ်ခုအပြီး အားလုံးမျှော်လင့်ထားသလိုပဲ ကြာသပတေးနေ့မှာ နည်းပြကွန်စီကာအိုကို အေစီမီလန်အသင်း ထုတ်ပယ်ခဲ့ပါတယ်။ ဥရောပချန်ပီယံဆု ၇ ကြိမ်တိုင်တိုင်ရရှိခဲ့ဖူးတဲ့အသင်းက အသင်းနည်းပြသစ်အဖြစ် အယ်လီဂရီကို ခန့်အပ်ဖို့ သဘောတူညီမှုတစ်ခု ရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အေစီမီလန်က စီးရီးအေချန်ပီယံနာပိုလီနဲ့ ၁၉ မှတ်အကွာ၊ အမှတ်ပေးဇယားအဆင့်-၈ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ အေစီမီလန်အသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း စီနီယာအသင်းကို ကိုင်တွယ်ရချိန် ကွန်စီကာအိုနဲ့ သူ့ဝန်ထမ်းတွေကိုယ်တိုင် ပြသခဲ့တဲ့ အလုပ်အပေါ်အာရုံစူးစိုက်မှု၊ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ ကျွမ်းကျင်မှုတွေအတွက် ကျေးဇူးတင်ရှိပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
ကွန်စီကာအိုက ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ၁၈ လသက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ ဖွန်ဆီကာနေရာမှာ အစားထိုးတာဝန်ယူခဲ့ပြီး သူ့ရဲ့ပွဲဦးထွက်မှာတင် အေစီမီလန်ကို အီတလီစူပါဖလားချန်ပီယံဖြစ်လာအောင် ဆော်ဒီမြေမှာ ဦးဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကွန်စီကာအိုရဲ့အသင်းက ဖေဖော်ဝါရီလအတွင်း ဖီယင်နုကိုအရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို အခုလအတွင်း ကိုပါအီတာလီယာဗိုလ်လုပွဲမှာလည်း ဘိုလော့ဂ်နာကို ရှုံးနိမ့်ခဲ့ပြန်ပါတယ်။
တချိန်တည်းမှာပဲ အေစီမီလန်ရဲ့မြို့ခံပြိုင်ဘက် အင်တာမီလန်က လာမယ့်စနေနေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။ အယ်လီဂရီက ၂၀၁၁ ခုနှစ်မှာ အေစီမီလန်ကို စီးရီးအေချန်ပီယံဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။