The network connection is lost.

Banner Image

ချဲလ်ဆီးသို့မပြောင်းရွှေ့မီမှာပဲ ကိုင်စီဒိုတစ်ယောက် ဘရိုက်တန်မှာအောင်မြင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်းဖွင့်ဟလာတဲ့ ကူကူရယ်လာ

ချဲလ်ဆီးနောက်ခံလူ မာ့ခ်ကူကူရယ်လာဟာ ချဲလ်ဆီးအသင်းဖော် မွိုက်စ်ကိုင်စီဒိုနဲ့ ယခင်က ဘရိုက်တန်မှာ အတူတူတွဲဖက်ကစားခဲ့သူဖြစ်ပြီး သူ့အနေနဲ့  ချဲလ်ဆီးသို့ မပြောင်းခင် ကိုင်စီဒိုတစ်ယောက် ဘရိုက်တန်မှာ အောင်မြင်မှုရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယခုရာသီမှာ ကိုင်စီဒိုဟာ ချဲလ်ဆီးရဲ့ကွင်းလယ်အတွက်အလွန်တည်ငြိမ်တဲ့ခြေစွမ်းကိုပြသထားနိုင်ပေမယ့် မကြာသေးမီက အာဆင်နယ်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ထိပြီး ၃ ပွဲပယ်ခံခဲ့ရတာကြောင့် အသင်းအတွက် ကြီးမားတဲ့နစ်နာမှုဖြစ်ခဲ့ပါတယ်။ 

ကိုင်စီဒိုရဲ့ ခံစစ်ကိုကာကွယ်နိုင်စွမ်းနဲ့ အသင်းအတွက်ဘောလုံးပြန်လည်ဆယ်ယူပေးနိုင်တဲ့ စွမ်းရည်တွေက နည်းပြ အန်ဇိုမာရက်စ်ကာရဲ့ပရောဂျက်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ စွမ်းရည်တွေအဖြစ် သက်သေပြသထားပြီးဖြစ်ပါတယ်။ 

ကိုင်စီဒိုမပါဝင်နိုင်ခြင်းနဲ့အတူ ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၂ ပွဲအထိအရေးနိမ့်ခဲ့တာကြောင့် အီကွေဒေါလက်ရွေးစင်ရဲ့ အသင်းအပေါ်အကျိုးသက်ရောက်မှုကို သိသာထင်ရှားစေခဲ့ပါတယ်။ ယခုအခါ CFC Unlocked နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ယခင်က ကိုင်စီဒိုနဲ့ဘရိုက်တန်မှာအတူတူကစားခဲ့ဖူးတဲ့ ကူကူရယ်လာက ကိုင်စီဒိုရဲ့စွမ်းရည်တွေကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။

ကူကူရယ်လာက "ကျွန်တော်ဘရိုက်တန်ကိုစရောက်တုန်းက သူက ဘယ်လ်ဂျီယံမှာအငှားစာချုပ်နဲ့သွားကစားနေတာ မှတ်မိပါတယ်။ သူနဲ့ကျွန်တော်နဲ့တွေ့တော့ ကျွန်တော်တို့ ၂ ယောက်ကိုသင်ပေးတဲ့ အင်္ဂလိပ်ဆရာကလည်း တစ်ယောက်တည်းပါပဲ။ သူက ၂၀၂၂ ခုနှစ်မှာပြန်လာခဲ့ပြီး ကျွန်တော်တို့အတူတူ လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်"

"သူ အသင်းအတွက်ပထမဆုံးပွဲထွက်ကစားတော့ အရမ်းကောင်းခဲ့ပါတယ်။ အဲဒီတုန်းက သူအရမ်းငယ်ပါသေးတယ်။ ဒါပေမယ့် သူ့မှာ မတူညီတဲ့စွမ်းရည်တွေနဲ့ ဘောလုံးအပေါ်ချဉ်းကပ်ပုံတွေရှိနေတယ်ဆိုတာ မြင်နိုင်ပါတယ်။ သူ့ရဲ့ခေါင်းကလည်း အလုပ်လုပ်တာအရမ်းမြန်ပါတယ်။ ကျွန်တော် ချဲလ်ဆီးကိုထွက်ခွာခဲ့ရချိန်မှာ သူ့အနေနဲ့ ဘရိုက်တန်မှာ အောင်မြင်မှုရမယ်ဆိုတာ ကျွန်တော်မျှော်လင့်ထားပြီးသားပါ။ သူ့ရဲ့ကစားပုံကိုကျွန်တော်အမြဲတမ်းသဘောကျပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ကူကူရယ်လာဟာ ၂၀၂၂ ခုနှစ်နွေရာသီမှာ ဘရိုက်တန်မှ ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ပြီး နောက်တစ်နှစ်အကြာမှာတော့ ကိုင်စီဒိုကလည်း ချဲလ်ဆီးသို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကိုင်စီဒိုရဲ့ပြောင်းရွှေ့ကြေးအတွက် ချဲလ်ဆီးဟာ ပေါင်သန်း ၁၀၀ ကျော်အသုံးပြုခဲ့တာကြောင့် တောင်အမေရိကသားရဲ့စွမ်းရည်တွေကို ကူကူရယ်လာသာမက ချဲလ်ဆီးကလည်း သိရှိနေခဲ့ကြောင်းပေါ်လွင်ခဲ့ပါတယ်။

လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကိုင်စီဒိုတစ်ယောက်ကတော့ ပွဲပယ်ပြစ်ဒဏ်မှမလွတ်မြောက်သေးတာကြောင့် အဆိုပါပွဲစဉ်ကို ဆက်လက်လွဲချော်သွားဦးမှာဖြစ်ပါတယ်။