The network connection is lost.

Banner Image

ဘာစီလိုနာမှာ ယာမယ်လ်ကလွဲပြီး ကမ္ဘာ့အဆင့်မီကစားသမားမရှိဘူးလို့မှတ်ချက်ပြုလာတဲ့ ပီတစ်

ဘာစီလိုနာကွင်းလယ်လူဟောင်း အီမန်နူရယ်ပီတစ်က လက်ရှိဘာစီလိုနာအသင်းမှာ ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ကလွဲပြီး ကမ္ဘာ့အဆင့်မီကစားသမားမရှိဘူးလို့ မှတ်ချက်ပြုပြောကြားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ဘာစီလိုနာဟာ တစ်သမတ်တည်းမရှိတဲ့ခြေစွမ်းတွေကြောင့် နည်းပြဟန်ဆီဖလစ်အပေါ် ဝေဖန်မှုတွေကြုံတွေ့လာခဲ့ရပြီး ချန်ပီယံလိဂ်မှာ ချဲလ်ဆီးကိုဂိုးပြတ်အရေးနိမ့်ပြီးနောက်မှာတော့ ဖိအားတွေပိုမိုမြင့်တက်လာခဲ့ပါတယ်။

ယခုအခါမှာ ပီတစ်ကလည်း "ဘာစီလိုနာက လောင်းကစားရုံကြီးလိုပါပဲ။ သူတို့က အရာအားလုံးကို လာမိုင်းယာမယ်လ်အပေါ်မှာပဲ လောင်းကြေးထပ်ထားပါတယ်။ သူတို့လာလီဂါဖလားကို စိန်ခေါ်နိုင်စွမ်းရှိပေမယ့် ချန်ပီယံလိဂ်ကိုတော့ ဘယ်နည်းနဲ့မှ စိန်ခေါ်နိုင်မှာမဟုတ်ပါဘူး။ လက်ရှိခံစစ်နဲ့ ချန်ပီယံလိဂ်ကိုဆွတ်ခူးနိုင်မယ်လို့ သူတို့ဘယ်လိုများမျှော်လင့်ထားသလဲ မပြောတတ်ပါဘူး။ 

ကျွန်တော်ကတော့ သူတို့ ချန်ပီယံလိဂ်ရမှာမဟုတ်ဘူးလို့မြင်ပါတယ်။ ပြီးခဲ့တဲ့ရာသီ အင်တာမီလန်နဲ့ပွဲမှာကတည်းက ကျွန်တော်ဒါကိုမြင်တွေ့ခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ သူတို့ ဘယ်လိုများ ၇ ဂိုးအထိခွင့်ပြုခဲ့ရတာလဲ" 

"လက်ရှိမှာ ဘာစီလိုနာရဲ့အရာအားလုံးဟာ လာမိုင်းယာမယ်လ်အပေါ်မှာပဲ မူတည်နေပါတယ်။ ဘာစီလိုနာမှာ အခြားထိပ်တန်းကစားသမားတွေရှိပေမယ့် အရင်တုန်းက လီယွန်နယ်မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာနဲ့ ပူယိုးလ်တို့လို ကမ္ဘာ့အဆင့်မီကစားသမားတွေမရှိတော့ပါဘူး။ လက်ရှိကစားသမားတွေနဲ့ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးဖို့ မဖြစ်နိုင်ပါဘူး။ သူတို့နောက်တန်းကလည်း ဂိုးတွေအများကြီးပေးနေရပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပီတစ်က လာမယ့်ရာသီမှာ ဘာစီလိုနာအနေနဲ့ နည်းပြဟန်ဆီဖလစ်ရဲ့နေရာမှာ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာနဲ့အစားထိုးသင့်ကြောင်း အကြုံပြုပြောကြားခဲ့ပါတယ်။  ပီတစ်က "အာတီတာအနေနဲ့ စပိန်ကိုပြန်လာဖို့ စိတ်ဝင်စားနိုင်ပါတယ်။ အထူးသဖြင့် သူငယ်ငယ်တုန်းက ကစားခဲ့ဖူးတဲ့အသင်းဆီကိုပေါ့။ သူအခုလုပ်နေတဲ့ပုံစံအတိုင်းဆို ရာသီကုန်မှာ အောင်မြင်မှုတစ်ခုခုရနိုင်ပါတယ်။ ဒါဆိုသူ့အနေနဲ့ အာဆင်နယ်မှာ ၇ နှစ်ကြာနေထိုင်ပြီး အောင်မြင်မှုရခဲ့လို့ အခြားအသင်းတစ်သင်းနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေဆွတ်ခူးဖို့ စိတ်ဝင်စားနိုင်ပါတယ်"

"ဘာစီလိုနာကလည်း ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခုပါ။ ဒါကြောင့် အာတီတာအနေနဲ့ စပိန်ကိုပြန်လာပြီး ဘာစီလိုနာနဲ့လက်တွဲဖို့ စိတ်ကူးရှိလောက်ပါတယ်။ သူ့အနေနဲ့ ဘာစီလိုနာရဲ့နောက်တန်းကိုပဲပြုပြင်ပေးရမှာဖြစ်ပြီး ဒါဆိုရင် ဘာစီလိုနာလည်း ချန်ပီယံလိဂ်ဆုဖလားအတွက် အခွင့်အရေးရလာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။