ရာသီကုန်မှာ ယူနိုက်တက် ထိပ်ဆုံးလေးသင်းမဝင်ပါက အာမိုရင်ကျရှုံးသွားမယ်လို့ အီဗရာပြော
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ရာသီကုန်မှာ အသင်းဟာ ထိပ်ဆုံး ၄ သင်းနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက နည်းပြရူဘင်အာမိုရင်အတွက် ကျရှုံးတဲ့ရာသီတစ်ခုအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အင်္ဂါနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဝုဗ်ကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ယူပြီးအမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာသို့တက်လှမ်းနိုင်ခဲ့ကာ အဆင့် ၄ နေရာကခရစ္စတယ်ပဲလေ့စ်နဲ့ ရမှတ် ၁ မှတ်သာကွာဟနေပါတယ်။ လက်ရှိအခြေအနေအရ ယူနိုက်တက်ရဲ့ရာသီကုန်ပန်းတိုင်ဟာ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ရေးမဟုတ်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဖြစ်တာကြောင့် လာမယ့်ပွဲစဉ်တွေမှာ အဆင့်တွေပိုကောင်းလာဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့သလို၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁၅ နဲ့ရာသီသိမ်းခဲ့တဲ့ယူနိုက်တက်အနေနဲ့ ယခုရာသီမှာ ဥရောပပြိုင်ပွဲတွေဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ယခုအခါမှာတော့အီဗရာက ဒီရာသီမှာသာ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ထပ်မံလွဲချော်ပါက နည်းပြအာမိုရင်အတွက် ကျရှုံးတဲ့ရာသီအဖြစ်သတ်မှတ်ရမယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
နောက်ခံလူဟောင်းက "ထိပ်ဆုံး ၄ သင်းဝင်ဖို့အတွက် တကယ်ခက်ခဲပါလိမ့်မယ်။ အာဆင်နယ်၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာတို့က ဒီနေရာတွေအတွက် အမှန်တကယ်ကြိုးစားယှဉ်ပြိုင်နေကြတာ မြင်တွေ့ရပါတယ်။ ဒါပေမယ့် ရာသီကုန်မှာ ယူနိုက်တက်အနေနဲ့ ထိပ်ဆုံး ၄ သင်းမဝင်ရင် ဒါဟာ အသင်းအတွက် ကြီးမားတဲ့စိတ်ပျက်စရာကျရှုံးမှုဖြစ်လာပါလိမ့်မယ်"
"ကျွန်တော်တို့ယူနိုက်တက်အတွက်ကစားတုန်းက တစ်ရာသီမှာ ဖလား ၄ လုံးရဖို့က အသင်းရဲ့ပန်းတိုင်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အကြောင်း ပြောနေရပါတယ်။ ကျွန်တော်တို့တုန်းက အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ရင် ကစားသမားတွေရဲ့လစာ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချခံရမယ့် စည်းမျဉ်းရှိခဲ့ပေမယ့် တစ်ခါမှ အလျှော့မခံခဲ့ရပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာဧည့်ခံကစားသွားရမှာဖြစ်လို့ အိမ်ကွင်းမှာ တတ်နိုင်သလောက်ရမှတ်တွေစုဆောင်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် တွန်းအားပေးလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ လာမယ့်အင်္ဂါနေ့မှာတော့ ယူနိုက်တက်ဟာ ဘုန်းမောက်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားမလား စောင့်ကြည့်ရပါမယ်။