The network connection is lost.

Banner Image

အင်္ဂလန်ဒါဘီမှာ ရုန်းကန်ခဲ့ရတဲ့ အာနိုးလ်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလာတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း အိမ်မက်ဆိုးဆန်ဆန် စွမ်းဆောင်ရည်ပိုင်းကို ပြသခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ပစ်မှတ် နောက်ခံအစွန်လူအာနိုးလ်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်လာခဲ့ပါတယ်။

အခုပွဲစဉ်မှာ ယူနိုက်တက်က လီဗာပူးအတွက် ကိုဒီဂတ်ပိုနဲ့ မိုဆာလက်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို လီဆန်ဒရိုမာတီနက်ဇ်၊ အာမက်ဒီယာလိုတို့ရဲ့သွင်းဂိုးတွေနဲ့ ချေဖျက်ရင်း အန်ဖီးလ်မှ သရေတစ်မှတ်နဲ့အတူ ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲစဉ်အတွင်း အဓိကအာရုံစိုက်ခံခဲ့ရတဲ့ ကစားသမားကတော့ အမှားအယွင်းကြီးကြီးမားမားကျူးလွန်မိခဲ့တဲ့ အာနိုးလ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အမှားတွေက ပြိုင်ဘက်ယူနိုက်တက်အတွက် အခွင့်အရေးကောင်းတွေဖြစ်ခဲ့ပြီး အသင်းကပ္ပတိန်ဗန်ဒိုက်ရဲ့ဒေါသအိုးကို ပေါက်ကွဲစေခဲ့ပါတယ်။ အန်းစလော့ကတော့ မီဒီယာတွေရှေ့မှောက် အာနိုးလ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်နဲ့အပြောင်းအရွှေ့ဇာတ်လမ်းတွေ အရှိန်အဟုန်ပြင်းပြင်းပေါ်ပေါက်လာမှုကြောင့် ကစားသမားအပေါ် ထိခိုက်မှုမရှိပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အန်းစလော့က “အဲ့ဒီလိုသုံးသပ်မှုတွေအပေါ် ကျွန်တော် အယုံအကြည်မရှိပါဘူး။ လူ ၁၀ ဦးမှာ ၉ ဦးလောက်က အခုလိုအပြောင်းအရွှေ့ချိတ်ဆက်မှုတွေကြောင့် အာနိုးလ်ရဲ့စွမ်းဆောင်ရည်အပေါ် ထိခိုက်မှုရှိစေတယ်လို့ ပြောနေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီလိုမျိုး မယူဆမိပါဘူး။

ကျွန်တော်တွေးမိတဲ့ သူ့ကိုထိခိုက်မှုရှိစေတဲ့အရာကတော့ ပေါ်တူဂီလက်ရွေးစင်ကစားသမားကောင်းတွေဖြစ်တဲ့ ဒါလော့၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့ ရင်ဆိုင်ကစားခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း ဒီယေဂိုဂျိုတာလို ထူးချွန်တဲ့ကစားသမားကောင်းတစ်ဦးရှိပြီး သူတောင် ပေါ်တူဂီအသင်းအတွက် သိပ်မကစားပေးရပါဘူး။ ဒါက ယူနိုက်တက်ဆီမှာ ဘယ်လောက်တောင်အရည်အသွေးကောင်းတွေရှိမလဲဆိုတဲ့ အချက်ကို ပြောပြပေးနိုင်ပါတယ်။ ဒီကစားသမားတွေက ယူနိုက်တက်ရဲ့ကစားကွက်နဲ့ တဖြည်းဖြည်းအံဝင်လာမယ်ဆိုရင် သူတို့နဲ့ရင်ဆိုင်ကစားရတာ အရမ်းခက်ခဲလာပါလိမ့်မယ်။

အခုသီတင်းပတ်အတွင်းထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့ကောလာဟလတွေထက် ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့တို့နဲ့ ရင်ဆိုင်ကစားရတာ အာနိုးလ်အတွက် ပိုပြီးခက်ခဲစေလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အမြင်က ဒါပါပဲ။ ဒါပေမယ့် လူတိုင်းကတော့ ကောလာဟလတွေနဲ့ပတ်သက်နေတယ်လို့ပဲ ပြောနေကြပါလိမ့်မယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး အာနိုးလ်ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ သူက “အသင်းတစ်ခုအဖြစ် အာနိုးလ်မှာ ခက်ခဲတဲ့ အခိုက်အတန့်အချို့ရှိခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အခုလိုအတွေ့အကြုံတွေက အာနိုးလ်အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်အမြင်အရ အာနိုးလ်က ဒီကလပ်အသင်းအတွက် ပွဲစဉ်အများစုကို အရမ်းကောင်းမွန်အောင် ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးဦးက အာနိုးလ်ဟာ ကလပ်အသင်းအတွက် အရမ်းဆိုးရွားတဲ့စွမ်းဆောင်ရည်မျိုးနဲ့ မကစားခဲ့ဖူးဘူးလို့ လာပြောမယ်ဆိုရင်လည်း ကျွန်တော်ကတော့ မယုံကြည်ပေးနိုင်ပါဘူး။ ဒါကြောင့် အခုလိုကိစ္စတွေက အတိတ်မှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ယူနိုက်တက်ရဲ့အရည်အသွေးမြှင့်ကစားသမားတွေနဲ့ ရင်ဆိုင်ရချိန်မျိုးမှာ အများဆုံးဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက အခုဆောင်းရာသီအပြောင်းအရွှေ့မှာ အာနိုးလ်ကို အမိအရခေါ်ယူမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် လီဗာပူးညာနောက်ခံလူကတော့ ဇန်နဝါရီလအတွင်း အသင်းမှထွက်ခွာသွားဖို့ မရှိသေးဘူးလို့ ယူဆရပါတယ်။ အာနိုးလ်ကိုယ်တိုင်လည်း လာမယ့်ဗုဒ္ဓဟူးနေ့၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပ-ကျော့)အဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။