
ယူနိုက်တက်ဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ထိုက်တန်မှုမရှိကြောင်း ဝန်ခံပြောကြားလာတဲ့ ဒါလော့
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့က ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ လိဂ်(၂) ကလပ် ဂရင်းစ်ဘီတောင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အသင်းဟာ ပြိုင်ပွဲမှာဆက်လက်ယှဉ်ပြိုင်ဖို့ ထိုက်တန်မှုမရှိဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ဒါလော့ဟာ အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကို ပွင့်ပွင့်လင်းလင်းဝန်ခံလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာဆက်ရှိနေဖို့ လုံလောက်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ကအပေါ် သံသယရှိနေသူတွေကို သက်သေပြသနိုင်ဖို့အခွင့်အရေးကိုလည်း ယူနိုက်တက်အနေနဲ့ ဆုံးရှုံးခဲ့ရတယ်လို့ ပေါ်တူဂီသားကပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါလော့ရဲ့ပြောကြားချက်တွေအရ ယူနိုက်တက်ဟာ ယခုနှစ် ၂၀၂၅-၂၆ ရာသီအစ ၃ ပွဲကစားပြီးချိန်မှာပဲ အတော်လေး ဖိအားများပြားနေပြီလို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့် နွေရာသီအတွင်း ကစားသမားသစ်တွေခေါ်ယူအားဖြည့်ပြီး ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့ကြိုးစားနေပေမယ့် အခုချိန်အထိတော့ ကြိုးစားမှုတွေက အရာမထင်သေးပါဘူး။
ဒါလော့က "ဒီပွဲက ကျွန်တော်တို့ပွဲမဟုတ်ခဲ့ပါဘူး။ ပြိုင်ဘက်လိုချင်တာကို ကျွန်တော်တို့ ပေးခဲ့ရပါတယ်။ ဘောလုံးယှဉ်လုမှုတွေ၊ အလွတ်တည်ကန်ဘောတွေ၊ ခေါင်းယှဉ်တိုက်မှုတွေ အားလုံးမှာကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်။အသင်းက နောက်ပိုင်းမှာ ပြန်လာနိုင်ခဲ့ပေမယ့် ခြေစွမ်းကတော့ အနိမ့်ဆုံးဖြစ်နေခဲ့တယ်လို့ပြောရမှာပါ။ လုံလောက်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့ပါဘူး။ ဒီပြိုင်ပွဲမှာဆက်ရှိဖို့ ထိုက်တန်တယ်ဆိုတဲ့အချက်ကိုပြသနိုင်ခဲ့ခြင်းမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့ရတုန်းက ရှုံးပွဲကြုံခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာတော့ သိသိသာသာတိုးတက်လာကြောင်း ပြသနိုင်ခဲ့ပါတယ်။သို့သော်လည်း ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယမြောက်ပွဲစဉ်မှာ အားရစရာစွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ခြင်းမရှိဘဲ ယခုအခါမှာ ဂရင်းစ်ဘီတောင်းလိုအသင်းမျိုးကိုပါ အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ အာမိုရင်ရဲ့အသင်းဟာ ဘန်လေကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာဧည့်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို စတင်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။