ယူနိုက်တက်ကစားသမားတွေမှာ ပြင်းထန်တဲ့စိတ်ဓာတ်မျိုးမရှိဘူးလို့ ဖလက်ချာ ဝေဖန်
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ ဒါရင်းဖလက်ချာက တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ဘရိုက်တန်ကို ၁-၂ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အသင်းရဲ့ကစားသမားတွေမှာ အနိုင်ရဖို့အတွက် ပြင်းထန်တဲ့စိတ်ဓာတ်မျိုးမရှိကြောင်း ဝေဖန်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘရိုက်တန်အတွက်ဦးဆောင်ဂိုးကို ပထမပိုင်း ၁၂ မိနစ်မှာ ဂရူဒါက စတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၆၄ မိနစ်မှာ ဒန်နီဝဲလ်ဘက်က ဒုတိယဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့လို့ ယူနိုက်တက်ကို ၀-၂ နဲ့သက်တောင့်သက်သာဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ယူနိုက်တက်အတွက် တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုက ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူခဲ့ပေမယ့် နောက်ထပ်ဂိုးမရတော့တာကြောင့် နှစ်သိမ့်ဂိုးအဖြစ်သာကျန်ရှိခဲ့ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။
ယခုနှစ်ရာသီအစောပိုင်းက ဂရင်းစ်ဘီအသင်းကို ရှုံးနိမ့်ပြီးကာရာဘောင်ဖလားပြိုင်ပွဲမှာထွက်ခွာခဲ့ရတဲ့ယူနိုက်တက်ဟာ ယခုအခါမှာ အက်ဖ်အေဖလားပြိုင်ပွဲကနေလည်း နုတ်ထွက်ခဲ့ရပြီဖြစ်လို့ ၁၉၈၁-၈၂ ခုနှစ်ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလားပြိုင်ပွဲ ၂ ခုအတွင်း ပထမအဆင့်တွေမှာပဲနှုတ်ထွက်ရတဲ့မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်။
ပွဲအပြီးမှာ ဖလက်ချာက "အသင်းရဲ့စွမ်းဆောင်ရည်က ရှုပ်ထွေးပါတယ်။ ပွဲအစပိုင်းမှာ ကစားပုံအဆင်ပြေခဲ့ပေမယ့် ပထမဂိုးပေးလိုက်ရတော့ အားအင်တွေကုန်ခမ်းသွားသလို ခံစားခဲ့ရပါတယ်။ ၁-၂ ဖြစ်သွားတဲ့အချိန်မှာ ပရိသတ်တွေရော၊ ကစားသမားတွေရဲ့စွမ်းအင်တွေ ပိုတိုးတက်လာခဲ့ပေမယ့် ချေပဂိုးရတဲ့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး"
"အသင်းရဲ့ကစားသမားတွေ စိတ်ဓာတ်ပိုင်းနုနယ်နေတာ သိသိသာသာမြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့ ပြန်လည်တုံ့ပြန်ဖို့လိုပါတယ်။ ဘောလုံးလောကမှာ ယုံကြည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှုပြန်ရဖို့အတွက်လည်း ခက်ခဲတဲ့အခြေအနေတွေကို ကျော်လွှားနိုင်ဖို့လိုပါတယ်"
"ဒီလိုဖြစ်လို့ သူတို့အပေါ်မှာပဲမူတည်ပါတယ်။ ဒီရာသီမှာ အသင်းက ကစားရမယ့်ပွဲတွေအများကြီးကျန်ပါသေးတယ်။ ယူနိုက်တက်က အောင်မြင်မှုရဖို့ လုံလောက်တဲ့အရည်အချင်းရှိပါတယ်။ ဒါပေမယ့် လက်ကျန်အချိန်တွေမှာ အစွမ်းကုန်ရုန်းသွားဖို့လိုပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။