The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရမယ်လို့ ထင်ကြေးပေးခဲ့သူတွေကို အာမိုရင်ပြန်လည်တုံ့ပြန်

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၁-၂ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့ကို ခရစ္စမတ်ကာလမတိုင်မီ ရာထူးမှထုတ်ပယ်ခံရမယ်လို့ ထင်ကြေးပေးခဲ့သူတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ 

ယခုနိုင်ပွဲဟာ ယူနိုက်တက်နည်းပြသက်တမ်းတစ်လျှောက် အာမိုရင်ရဲ့ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်နိုင်ပွဲဖြစ်ခဲ့သလို၊ ယူနိုက်တက်အနေနဲ့လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း အန်ဖီးလ်မှာပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကိုအရေးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ခဲ့သလို၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁၅ နေရာမှာသာရပ်တည်ခဲ့တာကြောင့် နည်းပြရူဘင်အာမိုရင်အတွက် ဖိအားတွေအတော်များခဲ့ပြီး ယခုရာသီအစပိုင်းမှာလည်း ရလဒ်ဆိုးတွေကြောင့် ဖိအားတွေ ပိုတိုးခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေခေါ်ယူပြီး တိုက်စစ်အင်အားမြှင့်တင်ထားခဲ့ပေမယ့် အလုပ်မဖြစ်တာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့ထားခဲ့ရတာလည်းဖြစ်ပါတယ်။ ယခုနှစ်ရာသီအစမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရသလို၊ ကာရာဘောင်ဖလားပြိုင်ပွဲကနေလည်း စောစောစီးစီးနုတ်ထွက်ထားခဲ့ရတာကြောင့် အာမိုရင်ရဲ့ အနာဂတ်ဟာမရေမရာဖြစ်ခဲပြီး ခရစ္စမတ်ကာလမတိုင်မီမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားရတော့မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

သို့သော်လည်း ယခုအခါမှာ‌တော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်နိုင်ပွဲရရှိခဲ့သလို၊ ကစားပုံလည်းတိုးတက်လာကြောင့် နည်းပြအာမိုအပေါ် ယုံကြည်မှုနဲ့ ထောက်ခံမှုတွေ ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အာမိုရင်က "ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ၂ ပွဲဆက်တိုက်အနိုင်ရဖို့ ကျွန်တော်တို့လိုအပ်နေခဲ့တာပါ။ ကျွန်တော် ဒီအသင်းအတွက် နိုင်ပွဲတွေအများကြီးမဖော်ဆောင်ပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့ပေမယ့် အဲဒီအချိန်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပြီး ဒီလိုနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ"

"လာမယ့်အပတ်မှာလည်း ဒီလိုပုံစံနဲ့အောင်ပွဲခံနိုင်ဖို့ ကြိုးစားသွားရပါမယ်။ ဒီပွဲက ပရိသတ်တွေအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဂရင်းစ်ဘီ၊ဘရန့်ဖို့ဒ်တို့နဲ့ပွဲစဉ်က ယူနိုက်တက်က ဒီနေ့ယူနိုက်တက်နဲ့ အများကြီးကွာခြားချက်ရှိပါတယ်။ ဒါက ပုံမှန်မဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့အသင်းကိုမြင်တွေ့ရဖို့ ခက်ခဲပါတယ်။ ကျွန်တော့်ကို ခရစ္စမတ်မတိုင်မီမှာပဲ ထုတ်ပယ်ခံရမယ်လို့ လူတိုင်းပြောခဲ့ကြပေမယ့် အခုချိန်မှာတော့ အဲဒီလိုခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က သူ့အနေနဲ့ ယူနိုက်တက်ကိုကိုင်တွယ်ခဲ့တဲ့ကာလတစ်လျှောက် နည်းပြရာထူးမှထုတ်ပယ်ခံရမယ်လို့ စိုးရိမ်ခြင်းမရှိခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ကျွန်တော် ဒီအလုပ်နဲ့ အမြဲတမ်းသက်တောင့်သက်သာဖြစ်ပါတယ်။ အသင်းကနေ ထုတ်ပယ်ခံရဖို့ စိတ်မပူပါဘူး။ ဒါက ကျွန်တော်ဆုံးဖြတ်လို့ရတဲ့အခြေအနေလည်းမဟုတ်ပါဘူး။ ကျွန်တော်လုပ်နိုင်တာက ဒီမှာရှိနေတဲ့အချိန်တိုင်းကို အကျိုးရှိရှိအသုံးချပြီး အကောင်းဆုံးလုပ်ဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။