
လီဗာပူးကိုအနိုင်ရပြီးနောက် နောက်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေဖို့ အသင်းဖော်တွေကို သတိပေးလာတဲ့ ဖာနန်ဒက်စ်
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၁-၂ နဲ့ အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ယခုနိုင်ပွဲအတွက် အောင်ပွဲခံပြီးပါက နောက်ပွဲတွေအတွက် အဆင့်သင့်ဖြစ်နေစေဖို့ အသင်းဖော်တွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက်သွင်းဂိုးတွေကို ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဟယ်ရီမက်ဂွါရီတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း လီဗာပူးကို အန်ဖီးလ်မှာ ပထမဆုံးအကြိမ် ပြန်လည်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ဂိုးတိုင် ၂ ကြိမ်ထိမှန်အောင်ကန်ခဲ့မိတဲ့ ကိုဒီဂတ်ပိုက သွင်းယူပေးခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ယခုပွဲစဉ် ယူနိုက်တက်သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ ပါဝင်ပတ်သက်မှုရှိခဲ့ပြီး အမ်ဘွေမိုကိုဂိုးဖန်တီးပေးခဲ့တဲ့ အာမက်ကို ဘောလုံးပေးပို့ခဲ့သလို၊ မက်ဂွါရီရဲ့ခေါင်းတိုက်သွင်းဂိုးအတွက်လည်း ဖြတ်တင်ဘောကန်တင်ပေးခဲ့တာဖြစ်ပါတယ်။ နည်းပြရူဘင်အာမိုရင်က ယခုပွဲစဉ်ဟာ သူ့ရဲ့ယူနိုက်တက်နည်းပြသက်တမ်းတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ ဒီပွဲအတွက်အောင်ပွဲခံပြီးပါက နောက်ပွဲကို ဆက်လက်အာရုံစိုက်ဖို့လိုအပ်ကြောင်း အသင်းဖော်တွေကို သတိပေးစကားပြောကြားလာခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီကွင်းလယ်လူက "ဒီပွဲက အရမ်းအရေးကြီးတဲ့ပွဲပါ။ အသင်းရဲ့ပုံစံကောင်းကိုပြသဖို့ ဒီပွဲမှာ နိုင်ဖို့လိုအပ်ခဲ့ပါတယ်။ ပြီးတော့ လီဗာပူးက နိုင်ပွဲလိုအပ်နေတဲ့အသင်းပါ။ ဒီလိုနိုင်ပွဲလိုအပ်နေတဲ့အသင်းကို ထပ်ရှုံးစေခဲ့တာကလည်း အရေးပါတဲ့အချက်တစ်ချက်ပါ။ ဒီပွဲမှာ လီဗာပူးအမှားလုပ်မယ့်အချိန်တွေကို ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့စောင့်ပြီး ကစားနိုင်ခဲ့ပါတယ်"
"ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ကစားပုံက တော်တော်လေးကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နည်းနည်းခြေကျသွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး နောက်ဆုံးမှာ အနိုင်ဂိုးရခဲ့ပါတယ်။ ဒီနေ့နိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် နောက်အပတ်မှာ မနိုင်ရင် ကျွန်တော်တို့အတွက် ဝေဖန်မှုတွေနဲ့ပြန်ကြုံရမှာပါ။ ကျွန်တော်တို့ကို တိမ်မည်းကြီးတွေ ပြန်ဖုံးအုပ်သွားဦးမှာပါပဲ။ မန်ချက်စတာမှာ ကြည်လင်တဲ့ကောင်းကင်ကို ထိန်းသိမ်းနိုင်ဖို့ အရမ်းခက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖာနန်ဒက်စ်က "ဒီပွဲမှာ ကျွန်တော်တို့ စိတ်အားထက်သန်စွာနဲ့ကစားခဲ့ကြပြီး ပွဲအစကနေ အဆုံးအထိ တစ်သင်းလုံး ကစားအားမချခဲ့ပါဘူး။ သူတို့ဘက်က တိုက်စစ်ကစားသမားတွေထည့်ပြီး ကျွန်တော်တို့ကို ဖိအားပေးခဲ့ပေမယ့် ဟာကွက်တွေရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က အရမ်းမြန်တဲ့ကစားသမားတွေနဲ့ တန်ပြန်တိုက်စစ်ကစားပြီး အနိုင်ရခဲ့တာပါ။ ဒီပွဲအတွက် အရမ်းပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ရမှတ် ၂ မှတ်သာကွာဟနေပါတယ်။ လာမယ့်စနေနေ့မှာတော့ အာမိုရင်နဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။