ယူနိုက်တက်နည်းပြဟောင်း အာမိုရင်ကို မန်စီးတီးဒါရိုက်တာ ဗီယာနာနဲ့အတူ မြင်တွေ့ခဲ့ရ
ယူနိုက်တက် နည်းပြဟောင်း ရူဘင်အာမိုရင်ဟာ ပြီးခဲ့တဲ့ အပတ်ထဲမှာ မန်စီးတီး အားကစားဒါရိုက်တာ ဟူဂိုဗီယာနာနဲ့အတူ အချိန်ကုန်ဆုံးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ အတူတူ အလုပ်လုပ်ခဲ့ဖူးသူတွေဖြစ်သလို အခုထက်ထိလည်း ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေကြတာပါ။
အာမိုရင်နဲ့ ဗီယာနာတို့ဟာ လစ္စဘွန်းမှာရှိတဲ့ Padel Expo ကလပ်မှာ Padel (တင်းနစ်နှင့်ဆင်တူသောအားကစား) ကစားဖို့ ဆုံတွေ့ခဲ့ကြပြီး ဓာတ်ပုံလည်း အတူတူ ရိုက်ခဲ့ကြပါတယ်။ Padel Expo ကလပ်ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး “ကျွန်တော်တို့ရဲ့ နည်းပြအဖွဲ့ကို အင်အားဖြည့်ဖို့အတွက် ခင်ဗျားတို့ကို ဆက်သွယ်ခဲ့ပါသေးတယ်၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ မဖြစ်လာခဲ့ပါဘူး။ လာရောက်လည်ပတ်တဲ့အတွက် ရူဘင်အာမိုရင်နဲ့ ဟူဂိုဗီယာနာတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ Padel Expo မှာ ခင်ဗျားတို့ကို တွေ့ရတာ ဝမ်းသာစရာပါပဲ” ဆိုတဲ့ စာသားနဲ့အတူ ဖော်ပြခဲ့တာပါ။ ဒါ့အပြင် အာမိုရင်နဲ့ ဗီယာနာတို့ဟာ ဘရာဂါအသင်းမှာတုန်းကလည်း အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြပါသေးတယ်။