ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာလည်း စီရော်နယ်ဒို ဘောလုံးဆက်ကစားလိမ့်မယ်လို့ ယုံကြည်နေတဲ့ ပေါ်တူဂီအသင်းနည်းပြမာတီနက်ဇ်
ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြရောဘတ်တိုမာတီနက်ဇ်က စီရော်နယ်ဒိုရဲ့စိတ်မှာ ဘောလုံးမကစားဖို့ မဆုံးဖြတ်မချင်း အယ်လ်နာဆာကြယ်ပွင့် ဆက်ကစားနေဦးမယ်လို့ ယုံကြည်နေပါတယ်။
အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုက အသက် ၄၁ နှစ်အရွယ်ပြည့်မြောက်ဖို့ ရှိနေပေမဲ့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအလွန်ကာလမှာလည်း ဘောလုံးလောကအတွင်း ဆက်လက်ကျင်လည်သွားမယ့်ပုံစံ ရှိနေပါတယ်။
ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းအကြောင်းကို မာတီနက်ဇ်က Guardian သတင်းစာဆီ အခုလို ပြောပြခဲ့ပါတယ်။ "ကစားသမားတစ်ဦး ဘယ်တော့ အနားယူမလဲဆိုတာကို သူ့ရဲ့ခန္ဓာကိုယ်ကပဲ ဆုံးဖြတ်တယ်လို့ ကျွန်တော် အမြဲယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာအပေါ်မှာပဲ မူတည်ပါတယ်။ စီရော်နယ်ဒိုက အသက် ၄၀ နှစ်ကျော်လွန်လာပြီဖြစ်ပေမဲ့ အနာယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချရသေးပါဘူး။ ဒီလို အဆင့်အတန်းမျိုးမှာဆိုရင် ဒါက ထူးချွန်တဲ့အရည်အချင်းထက် စိတ်ဓာတ်ပိုင်းနဲ့ အခက်အခဲတွေကို ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲဆိုတာက ပိုအရေးကြီးပါတယ်" လို့ ဆိုပါတယ်။
ရော်နယ်ဒိုရဲ့အတိတ်ပုံစံတွေနဲ့နှိုင်းယှဉ်ပြီး လူတွေရဲ့ဝေဖန်နေမှုတွေကို အမှားအယွင်းပဲလို့ မာတီနက်ဇ်က ထောက်ပြခဲ့ပါတယ်။ "အကြီးမားဆုံးအမှားကတော့ သူ့ကို လက်ရှိကစားနေတဲ့ပုံစံအတိုင်း မဆုံးဖြတ်ကြတာပါပဲ။ ယူရိုပြိုင်ပွဲအပြီးမှာ စီရော်နယ်ဒိုဝင်ကစားလို့ ပေါ်တူဂီအသင်းကျရှုံးရတယ်ဆိုပြီး ပြောခဲ့ကြတယ်။ အခုနေရှင်းလိဂ်မှာ ကျွန်တော်တို့အသင်း အနိုင်ရရှိခဲ့ချိန်မှာတော့ စီရော်နယ်ဒို အနားယူသွားရင် ပေါ်တူဂီအသင်း ဘာဆက်လုပ်မလဲဆိုတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာပြန်ပါတယ်" လို့ ပြောပါတယ်။
အချိန်နဲ့အမျှ အသင်းမှာ စီရော်နယ်ဒိုရဲ့ အခန်းကဏ္ဍက ပြောင်းလဲသွားပေမဲ့ သူဟာ အသင်းအတွက် အရေးပါနေဆဲဖြစ်တယ်လို့ မာတီနက်ဇ်က ယုံကြည်ပါတယ်။ "သူက ယူနိုက်တက် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်မှာလို တောင်ပံကစားသမား မဟုတ်တော့ပါဘူး။ အခုတော့ ဂိုးဧရိယာထဲမှာပဲနေတဲ့ အထောင်တိုက်စစ်မှူးစစ်စစ် ဖြစ်နေပါပြီ။ နေရာလွတ်တွေ ဖန်တီးဖို့နဲ့ ဂိုးသွင်းဖို့အတွက် ကျွန်တော်တို့ သူ့အပေါ် မှီခိုနေရဆဲပါ။ ပြီးခဲ့တဲ့သုံးနှစ်အတွင်း နိုင်ငံလက်ရွေးစင်အသင်းမှာ သူလုပ်ပြခဲ့တဲ့အရာတွေက နေ့တိုင်းကြိုးစားအားထုတ်မှုတွေကြောင့် ရရှိလာတာ အသီးအပွင့်တွေ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် သူ နည်းပြတာဝန်ယူချိန်ကတည်းက တွေ့ခဲ့ရတဲ့ စီရော်နယ်ဒိုရဲ့နိုင်ငံ့လက်ရွေးစင်အသင်းအပေါ်ထားရှိတဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးခဲ့ပါတယ်။"ကျွန်တော် သူ့ကို စတွေ့တုန်းက သူ့ရဲ့ စိတ်ကူးက ဘယ်လိုလဲဆိုတာကို သိချင်ခဲ့တယ်။ အသက် ၃၀ ကျော် ကစားသမားတွေက နိုင်ငံတကာပွဲစဉ်တွေ ကစားမယ့်အချိန်ကို အနားယူရမယ့် အခွင့်အရေးလို့ တခါတလေ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့စိတ်ဓာတ်ကတော့ အမြဲတမ်း အတူတူပါပဲ။ 'နည်းပြကိုယ်တိုင် ဘာပဲလိုအပ်လိုအပ်၊ ကျွန်တော် နိုင်ငံအသင်းအတွက် အဆင်သင့်ရှိနေပါတယ်' လို့ သူကိုယ်တိုင် ပြောခဲ့ပါတယ်" လို့ မာတီနက်ဇ်က ရှင်းပြခဲ့ပါတယ်။