ယူနိုက်တက်မှာတုန်းက အာမိုရင်က သူ့ကို ဘောင်တစ်ခုထဲမှာပဲ ကန့်သတ်ထားခဲ့တယ်လို့ ဟွိုက်လန်း ပြောကြား
မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းပြ အာမိုရင် လက်အောက် ကစားခဲ့ရတဲ့ အချိန်တွေနဲ့ ပတ်သက်ပြီး ရပ်စမတ်စ် ဟွိုက်လန်းက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဟွိုက်လန်းဟာ ၂၀၂၃ ခုနှစ်မှာ အတ္တလန်တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အင်္ဂလန်မှာ ကစားခဲ့တဲ့ ပထမဆုံးရာသီမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယမြောက်ရာသီမှာတော့ ရုန်းကန်ခဲ့ရပြီး ပွဲပေါင်း ၅၂ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဟွိုက်လန်းဟာ ပရီးမီးယားလိဂ်နဲ့ မကိုက်ညီဘူးလို့ ယူဆခဲ့တဲ့ နည်းပြဟောင်း အာမိုရင်ကြောင့် အသင်းကနေ ထွက်ခွာခဲ့ရပြီး လက်ရှိမှာတော့ နာပိုလီအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေပါတယ်။ အခုအခါမှာတော့ သူဟာ သူ့ဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထုတ်ယူနိုင်စွမ်းရှိတဲ့ နည်းပြ အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ ခြေစွမ်းပြနေပါတယ်။ နည်းပြကွန်တီနဲ့မတူဘဲ အာမိုရင်ကတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ကန့်သတ်ထားခဲ့တယ်လို့ ဟွိုက်လန်းက ယူနိုက်တက်မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေအကြောင်း ပြောပြရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"အသင်းပြောင်းရွှေ့မှုကနေ ကျွန်တော် လိုချင်တာကို ရခဲ့ပါတယ်။ ယူနိုက်တက်မှာတုန်းကတော့ တစ်ချိန်မှာ ငါ့အတွက် အရာအားလုံး ပြီးဆုံးသွားပြီလို့တောင် ခံစားခဲ့ရတယ်" လို့ TV2 နဲ့ အင်တာဗျူးမှာ ဟွိုက်လန်းက ပြောပါတယ်။ "နာပိုလီကို ရောက်တဲ့အခါမှာတော့ ဘောလုံးကစားရတာကို ပြန်ပြီး မြတ်နိုးလာပါတယ်။ မိခင်နိုင်ငံ ဒိန်းမတ်က လူတွေကတောင် ကျွန်တော့်ကို အဆုံးသတ်သွားပြီလို့ ထင်ကြေးပေးခဲ့ကြပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ အခုတော့ ကျွန်တော့်အပေါ် အများကြီး ယုံကြည်ပေးတဲ့ အသင်းတစ်သင်းကို ရရှိထားပါတယ်။ ကလပ်အသင်းရော၊ အားကစားဒါရိုက်တာ၊ ဥက္ကဋ္ဌနဲ့ နည်းပြတို့ကပါ ကျွန်တော့်ကို အလိုရှိကြတာပါ။ မန်ချက်စတာမှာ နေခဲ့ရတဲ့ နောက်ဆုံးအချိန်တွေမှာ ကျွန်တော်ဟာ ဘောင်တစ်ခုထဲမှာပဲ ပိတ်မိနေခဲ့သလိုပါပဲ။ အဲဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျွန်တော့်အတွက် ကစားခွင့်တွေ သိပ်ရှိမှာမဟုတ်ဘူးဆိုတာ သိနေပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဟွိုက်လန်းဟာ ဒီရာသီ စီးရီးအေမှာ ၁၀ ဂိုး သွင်းယူထားနိုင်တဲ့ ကစားသမား လေးဦးထဲက တစ်ဦးဖြစ်နေပါတယ်။ ရာသီကုန်ခါနီးအချိန်မှာတော့ ယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကားရစ်အနေနဲ့ ဟွိုက်လန်းကို အသင်းဆီ ပြန်ခေါ်မလားဆိုတာကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။