The network connection is lost.

Banner Image

ဟွိုက်လန်းတစ်ယောက် နာပိုလီသို့အပြီးသတ်ပြောင်းရွှေ့ကြောင်း ယူနိုက်တက် ကြေညာ

ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းဟာ အငှားနဲ့ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက်မှာတော့ မန်ချက်စတာယူနိုက်တက်ကနေ နာပိုလီအသင်းကို ယူရို သန်း ၅၀ (ဒေါ်လာ ၅၈.၀၈ သန်း) နဲ့ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ကလပ်အသင်းနှစ်ခုလုံးက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဟွိုက်လန်းဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲအရပ်ရပ်မှာ ၄၄ ပွဲကစားပြီး ၁၆ ဂိုးသွင်းယူပေးခဲ့ကာ နာပိုလီအသင်း အီတလီစူပါဖလား (Supercoppa Italiana) ရရှိဖို့နဲ့ စီးရီးအေမှာ ဒုတိယနေရာရဖို့ ကူညီပေးနိုင်ခဲ့သူပါ။

ဒီတိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ်မှာ အတ္တလန်တာအသင်းကနေ မန်ယူကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီမီယာလိဂ်ကလပ်အတွက် ၉၅ ပွဲကစားကာ ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၂၄ ခုနှစ် မေလက ဝမ်ဘလေကွင်းမှာ မန်စီးတီးကို အနိုင်ရပြီး FA ဖလား ရရှိခဲ့တဲ့ မန်ယူအသင်းရဲ့ လူစာရင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီဗိုလ်လုပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

ဟွိုက်လန်းဟာ ၂၀၂၅-၂၆ ရာသီအစမှာတော့ အီတလီမြေကို တစ်ရာသီအငှားစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

"ကလပ်အသင်းမှာရှိတဲ့ လူတိုင်းက ရာ့စ်မက်စ်ရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ မန်ယူအသင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။