The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက် နောက်ခံလူ မက်ဂွါရီဟာ အသင်းမှာ ဆက်ရှိနေဖို့အတွက် စာချုပ်သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ အခုရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရတော့မှာ ဖြစ်ပေမဲ့ အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့အတွက် အခုလို သဘောတူညီမှု ရခဲ့တာပါ။

ယာယီနည်းပြ မိုက်ကယ်ကားရစ် လက်ထက်မှာ အသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးအဖြစ် ပြန်လည်ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် မက်ဂွါရီရဲ့ သတင်းဟာ ပရိသတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ကားရစ်က သူ့အပေါ် ယုံကြည်မှု အပြည့်အဝ ထားရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဂွါရီဟာ မတ်လ နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး နည်းပြ သောမတ်စ်တူဟယ်လ် လက်ထက်မှာ နှစ်ပွဲစလုံး ပါဝင်ကစားခဲ့ရပါတယ်။ တူဟယ်လ်ကတော့ ကမ္ဘာ့ဖလားမတိုင်ခင်မှာ မက်ဂွါရီရဲ့ အရေးပါမှုကို ကောင်းကောင်းသတိပြုမိထားပုံ ရပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ အသင်းအတွက် အောင်မြင်မှုတွေ ပြန်လည်ရယူပေးဖို့ ရည်မှန်းထားကြောင်း မက်ဂွါရီက အသင်းရဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

"မန်ချက်စတာယူနိုက်တက်ကို ကိုယ်စားပြုခွင့်ရတာဟာ အမြင့်မြတ်ဆုံး ဂုဏ်ယူစရာတစ်ခုပါ။ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် နေ့တိုင်း ဂုဏ်ယူနေရတဲ့ တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို အံ့အားသင့်စရာကောင်းတဲ့ ကလပ်အသင်းကြီးမှာ ကျွန်တော့်ရဲ့ခရီးစဉ်ကို အနည်းဆုံး ၈ ရာသီအထိ သက်တမ်းတိုးနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။ ထူးခြားတဲ့ ကျွန်တော်တို့ ပရိသတ်တွေရှေ့မှာ ဆက်ပြီးကစားသွားရမှာဖြစ်သလို အမှတ်တရကောင်းတွေကိုလည်း အတူတူ ဖန်တီးချင်ပါသေးတယ်။ ဒီလူစာရင်းရဲ့ ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်တွေကို ခံစားလို့ရပါတယ်။ ဆုဖလားကြီးတွေအတွက် တိုက်ပွဲဝင်ဖို့ အသင်းတစ်သင်းလုံးမှာ ရှိနေတဲ့ ပြတ်သားတဲ့စိတ်ဓာတ်ကို အားလုံးမြင်တွေ့နိုင်မှာဖြစ်သလို ကျွန်တော်တို့ရဲ့ အကောင်းဆုံးအချိန်တွေဟာ ရှေ့မှာ ရှိနေသေးတယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဇန်နဝါရီလမှာ မိုက်ကယ်ကားရစ် တာဝန်ယူကတည်းက မက်ဂွါရီဟာ ပွဲစဉ်တိုင်းမှာ ပါဝင်ကစားခဲ့ပြီး အသင်းကို အဆင့် ၄ အတွင်း ဝင်နိုင်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့စ်ကလည်း အသင်းမှာ ပိုမိုအရေးပါလာတဲ့ ဝါရင့်ကစားသမား မက်ဂွါရီကို အခုလို လိုအပ်နေတဲ့ စာချုပ်သက်တမ်းတိုးပေးလိုက်တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

"ဟယ်ရီ (မက်ဂွါရီ) ဟာ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ ခံနိုင်ရည်ရှိမှုတွေကို ပြသနေတာပါ။ သူဟာ စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကြီးတဲ့ လူငယ်ကစားသမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုတွေကို ယူဆောင်ပေးလာနိုင်သူ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။