
အယ်လ်ကလက်ဆီကိုပွဲကို လွဲချော်နိုင်ချေများနေတဲ့ ရီးရဲလ်စတား
သတင်းတွေအရ ရီးရဲလ်အသင်းနောက်ခံလူ ဟာဂျယ်ဆန်တစ်ယော် လာမယ့်အယ်လ်ကလက်ဆီပွဲကို လွဲချော်နိုင်ချေများနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ လုပ်ဆောင်နေရပါတယ်။ အဓိကနောက်ခံလူတွေဖြစ်တဲ့ ကာဗာဂျယ် နဲ့ အာနိုးလ်တို့ဒဏ်ရာရနေချိန်မှာ အခုဟာဂျယ်ဆန်ပါထပ်မံဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်အတွက် ခက်ခဲတော့မှာဖြစ်ပါတယ်။
ရီးရဲလ်အသင်းဘက်ကတော့ လာမယ့်အယ်လ်ကလက်ဆီကိုနဲ့ပွဲမတိုင်ခင် ဟာဂျယ်ဆန်ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဗီလာရီးရဲလ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရခဲ့ပေမယ့် စပိန်သားဟာ အဆိုပါပွဲကိုပြီးဆုံးအောင်ကစားပေးခဲ့ပါတယ်။ ကနဦးတုန်းက အသေးစားဒဏ်ရာလို့ယူဆရပြီး ၂ ပတ်လောက်အနားယူရမယ်လို့ ထင်ခဲ့ပေမယ့် အခြေအနေတွေကဆိုးဝါးနေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြန်လည်ကြံ့ခိုင်မှုစတင်နေသလို စပိန်သားဟာ လေ့ကျင့်ရေးစင်တာမှာ ကြံ့ခိုင်ရေးဆရာနဲ့ အချိန်အတော်ကြာ နေရစ်ခဲ့တယ်လို့ သိရပါတယ်။
အေအက်စ်သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်အသင်းဟာ ဘာစီလိုနာနဲ့ပွဲမှာ ဟာဂျယ်ဆန်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်မှု ပိုင်းနှေးကွေးနေတာကြောင့် ဟာဂျယ်ဆန်တစ်ယောက် အခုအပတ် ဂီတာဖေးနဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး လာမယ့်ဘာစီလိုနာနဲ့ပွဲအတွက် အရဲမစွန့်ဖို့ ပြင်ဆင်နေပါတယ်။ မက်ဒရစ်အသင်းဘက်က အရန်အစီအစဉ်အနေနဲ့ အဆန်စီရိုနဲ့အတ အလာဘာကို ပွဲထုတ်ဖို့ ပြင်ဆင်နေပါတယ်။
ဒါ့အပြင် အလွန်ဆိုက ဖာလန်းမန်ဒီကို full-back ထားကာ ကာရီးရက်စ်ကို ဗဟိုခံစစ်ပို့ဖို့ ပြင်ဆင်နေပါတယ်။ ဟာဂျယ်ဆန်မပါဝင်နိုင်တာကြောင့် လက်ရှိရီးရဲလ်ခံစစ်မှာ မီလီတာအိုသာရှိနေပြီး ဗယ်လ်ဗာဒီကို ညနောက်ခံလူအဖြစ် ထားသုံးရဖွယ်ရှိနေပါတယ်။ ဘာစီလိုနာဟာ လက်ရှိရီးရဲလ်အသင်းရဲ့နောက်မှာရပ်တည်နေပြီး မက်ဒရစ်ခံစစ်ပြဿနာက အစမ်းသပ်ခံရတော့မှာဖြစ်ပါတယ်။
ဟာဂျယ်ဆန်တစ်ယောက် အယ်လ်ကလက်ဆီကိုပွဲမှာ ပြန်လည်ပါဝင်လာနိုင်မယ်ဆိုရင် ရီးရဲလ်အတွက် အားတက်စရာဖြစ်လာနိုင်ပေမယ့် ရီးရဲလ်ဆေးအဖွဲ့ဘက်ကတော့ အလျင်စလိုလုပ်ဆောင်လိုခြင်းမရှိတာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ပွဲအပြင် ရီးရဲလ်အသင်းဟာ ဂျူဗင်တပ်စ် ၊ လီဗာပူးတို့နဲ့လည်း ချန်ပီယံလိဂ်ပွဲတွေကန်ရဦးမှာဖြစ်ပါတယ်။