တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး မဆီလျော်တဲ့ ပို့စ်တစ်ခုကြောင့် ဟုဂျ်ဆန် ပြန်တောင်းပန်
ရီးရဲလ်မက်ဒရစ်က အသင်းနောက်ခံလူဟုဂျ်ဆန်နဲ့ပတ်သက်တဲ့ အငြင်းပွားစရာကိစ္စရပ်တွေကြောင့် အာရှဈေးကွက်ရဲ့အခြေအနေကို အရေးပေါ်ဝင်ရောက်ကိုင်တွယ်ဖြေရှင်းခဲ့ရပါတယ်။
အသက် ၂၀ နှစ်အရွယ်လူငယ်ကစားသမားလေးက သူ့ရဲ့ Instagram စာမျက်နှာမှာ အာရှသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာထူးခြားချက်တွေကို လှောင်ပြောင်ထားတာနဲ့ လူမျိုးရေးခွဲခြားတဲ့မှတ်ချက်တွေပါဝင်တဲ့ အကြောင်းအရာတစ်ခုကို ပြန်လည်မျှဝေခဲ့တာလို့ တရုတ်နိုင်ငံအတွင်း ဝေဖန်မှုတွေ အကြီးအကျယ်ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလိုမကျေနပ်မှုတွေအပေါ်တုံ့ပြန်တဲ့မှုအဖြစ် အခြေအနေတွေပြန်လည်တည်ငြိမ်သွားစေဖို့ ရီးရဲလ်မက်ဒရစ်က Weibo လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်မှာ ဒတ်ချ်-စပိန်သွေးနှောနောက်ခံလူကိုယ်တိုင် ဒီပို့စ်ကို "လုံးဝ ရည်ရွယ်ချက်ရှိရှိမျှဝေခဲ့တာ မဟုတ်ဘူး" လို့ အာမခံထားပြီး သူ့ရဲ့ စိတ်မကောင်းဖြစ်မှုကိုလည်း အခုလို ဖော်ပြထားပါတယ်။ "ကျွန်တော့်ရဲ့ တရုတ်သူငယ်ချင်းတွေကို အလေးအနက်တောင်းပန်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လို့ နောင်တရမိပါတယ်" လို့ ဘာသာပြန်ထားတဲ့ စာသားအရ သိရပါတယ်။
ကစားသမားမျှဝေလိုက်တဲ့ပုံထဲမှာပါဝင်တဲ့ စော်ကားထားတဲ့ ရည်ညွှန်းချက်တွေကြောင့် အခုသီတင်းပတ်ပိတ်ရက်ကာလအတွင်း အငြင်းပွားမှု အရှိန်ဟုန်မြင့်တက်လာခဲ့ပါတယ်။ ဒီအကြောင်းအရာကို ချက်ချင်း ပြန်ဖျက်လိုက်ပေမဲ့လည်း တရုတ်အသိုင်းအဝိုင်းကြားမှာတော့ Screenshot တွေက အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ဒါဟာ ပြင်းထန်တဲ့ စော်ကားမှုတစ်ခုလို့ သတ်မှတ်ခဲ့ကြပါတယ်။
အသင်းရဲ့တရားဝင်ထုတ်ပြန်ချက်မှတဆင့် အခြေအနေကိုပြန်လည်ကုစားဖို့ ကြိုးစားခဲ့ပေမဲ့ တရုတ်နိုင်ငံရှိရီးရဲလ်မက်ဒရစ်ပရိသတ်တွေကိုယ်တိုင် သံသယရှိနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်အများစုက ဒေသတွင်းသုံးကွန်ရက်တစ်ခုမှာ စာဖြင့်ထုတ်ပြန်ရုံနဲ့ မလုံလောက်ဘူးလို့ ယူဆကြပြီး Instagram လိုမျိုး ကမ္ဘာသုံး ပလက်ဖောင်းတွေမှတဆင့် ဖြစ်စေ၊ ဒါမှမဟုတ် ဗီဒီယိုနဲ့တိုက်ရိုက်ဖြစ်စေ ကစားသမားကိုယ်တိုင် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အသင်းကိုယ်တိုင် လူသိရှင်ကြားတောင်းပန်ဖို့ တောင်းဆိုနေကြပါတယ်။