
မိုဆာလက်ကို ပုံမှန်ပွဲထွက်ကစားသမားအဖြစ် မသတ်မှတ်ဖို့ နည်းပြ အန်းစလော့ကို ကာရေဂါ တိုက်တွန်း
လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါ က အန်ဖီးလ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မိုဟာမက်ဆာလက်ရဲ့ ပုံမှန်ပွဲထွက်ကစားသမားနေရာကို ပြန်လည်စဉ်းစားဖို့ နည်းပြ အန်းစလော့ကို တိုက်တွန်းခဲ့ပါတယ်။
Sky Sportsမှာ ကာရေဂါက လီဗာပူးအသင်းရဲ့လူစာရင်းမှာ ဘယ်သူမှမထိနိုင်တဲ့ ဆာလက် ခြေစွမ်းကျဆင်းလာတာကြောင့် အလှည့်ကျသာ အသုံးပြုသင့်တယ်လို့ပြောပါတယ်။ ကာရေဂါက "အခုဆိုရင် မိုဆာလက်က ပွဲတိုင်းကစားသင့်တဲ့အဆင့်မှာမရှိတော့ဘူး။ သူက အသင်းရဲ့လူစာရင်းမှာ ပထမဆုံးနာမည်ဖြစ်နေစရာမလိုပါဘူး။ အိမ်ကွင်းပွဲတွေမှာတော့ သူကစားနိုင်ပါတယ်၊ ဒါပေမဲ့ လီဗာပူးမှာ ဥရောပပွဲတစ်ခုနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲဆိုပြီး အဝေးကွင်းပွဲနှစ်ပွဲရှိခဲ့ရင်တော့ နှစ်ပွဲစလုံးမကစားသင့်ပါဘူး"လို့ ပြောခဲ့ပါတယ်။
ကာရေဂါက ဆာလာရဲ့ခြေကျလာမှုက စလော့အနေနဲ့ ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်လို့ပြောပါတယ်။ ကာရေဂါက "နည်းပြအတွက်တော့ ဒါက တကယ့်ပြဿနာပါပဲ။ ယာဂင်ကလော့ပ်ကတောင် သူပိုပြီးသွက်လက်တဲ့အချိန်မှာ လူစားလဲခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့အခု တခြားအဆင့်တစ်ခုကိုရောက်နေပြီဆိုတာကို ပြသနေပါတယ်"လို့ ဆိုပါတယ်။
လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ပထမနေရာကနေ တတိယနေရာကို ဆင်းသွားခဲ့ပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၄မှတ် ကွာနေပါတယ်။