The network connection is lost.

Banner Image

ဂါလာတာစာရေးနဲ့ယှဉ်ပြိုင်ဖူးတဲ့အတွေ့အကြုံကြောင့် လီဗာပူးအတွက် အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ အန်းစလော့ပြော

အခုရာသီအစောပိုင်းကာလ၊ အစ္စတန်ဘူလ်ကွင်းကြီးရဲ့ ဆူညံလွန်းတဲ့ ပရိသတ်တွေကြောင့် အံ့အားသင့်ခဲ့ရပေမဲ့ လာမယ့်အင်္ဂါနေ့၊ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အဲဒီလိုပူလောင်ပြင်းထန်လှတဲ့ပတ်ဝန်းကျင်ကို လီဗာပူးအသင်း အကောင်းဆုံးကိုင်တွယ်နိုင်လိမ့်မယ်လို့ အန်းစလော့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ၊ အုပ်စုအဆင့်ပွဲစဉ်အဖြစ် ရမ်စ်ပတ်ခ် (Rams Park) ကွင်းမှာကစားချိန် လီဗာပူးက ဂါလာတာစာရေးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ နားကွဲလုမတက်ဆူညံလွန်းတဲ့ ကွင်းအနေအထားက ကစားသမားတွေအပေါ် သက်ရောက်မှုကြီးမားခဲ့ပါတယ်။

ဥရောပဘောလုံးလောကမှာ သူတို့ရဲ့ စိတ်အားထက်သန်ပြီး ခြောက်ခြားစရာကောင်းတဲ့ ပရိသတ်တွေကြောင့် တူရကီကလပ်အသင်းတွေ နာမည်ကြီးကြပါတယ်။ ၁၉၉၃ ခုနှစ် ဥရောပဖလားပြိုင်ပွဲမှာဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းကို လေဆိပ်မှာ 'ငရဲမှ ကြိုဆိုပါ၏' ဆိုတဲ့ စာသားနဲ့အတူ တူရကီပရိသတ်တွေကိုယ်တိုင် ကြိုဆိုခဲ့ကြဖူးပါတယ်။

အခုပွဲစဉ်က ၂၀၁၄ ခုနှစ်နောက်ပိုင်း ဂါလာတာစာရေးအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ဖြစ်လို့ ပရိသတ်တွေရဲ့အားပေးမှု ပိုမိုပြင်းထန်နေပါလိမ့်မယ်။ ဂါလာတာစာရေးက ဂျူဗင်တပ်စ်ကို ကျော်ဖြတ်ကာ ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်လာခဲ့ပြီး ကွင်းတွင်းအားပေးမှုပုံစံရော၊ ကွင်းတွင်းကစားဟန်ပါ ပြင်းထန်မယ်ဆိုတာ အန်းစလော့ သိရှိထားပါတယ်။

"ဒီမှာရှိတဲ့ပရိသတ်တွေက တကယ်ကို အားရစရာကောင်းပါတယ်။ ဒီမှာ လာကစားခဲ့ချိန်မှာလည်း ဒါကို ကျွန်တော်တို့ သတိထားမိခဲ့တယ်" လို့ အန်းစလော့က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ "အခု ကောင်းတဲ့အချက်က ကျွန်တော်တို့ ဒီအတွေ့အကြုံကို တစ်ခါ ကြုံဖူးပြီးသွားပြီဆိုတာပါပဲ။ ဒါ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဂါလာတာစာရေးကစားသမားတွေကတော့ အိမ်ကွင်းပွဲတိုင်းမှာ အဲဒီလို အားပေးမှုမျိုးကို အမြဲကြုံနေရတာပါ။"

"ကျွန်တော်တို့အတွက်တော့ ဒါက အသစ်အဆန်း ဖြစ်ခဲ့တယ်။ ဘောလုံးရထားတဲ့အချိန်မှာ ပရိသတ်တွေရဲ့အော်သံတွေက တကယ်ကို ကျယ်လောင်လွန်းပါတယ်၊ အရမ်းကျယ်တာပါ။ ကျွန်တော့်အတွက်ရော၊ အတွေ့အကြုံရှိတဲ့ ကျွန်တော့်ကစားသမားတွေအတွက်ပါ ဒါက အသစ်အဆန်းပါပဲ။"

"ကောင်းတာကတော့ ကျွန်တော်တို့ ဒါကို ကြုံဖူးပြီးသွားပြီ ဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ပရိသတ်တွေကိုတင် ရင်ဆိုင်ရမှာ မဟုတ်ဘဲ အရည်အချင်းရှိတဲ့ ကစားသမား ၁၁ ဦးနဲ့ နည်းပြကောင်းတစ်ဦးကိုပါ ရင်ဆိုင်ရဖို့ ရှိနေပါတယ်" လို့ သူက ဆက်ပြောပါတယ်။

အခုထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရရှိသူက နောက်တစ်ဆင့်မှာ ချဲလ်ဆီး (သို့မဟုတ်)လက်ရှိချန်ပီယံပီအက်စ်ဂျီနဲ့ ထပ်မံရင်ဆိုင်ရပါမယ်။ အင်္ဂါနေ့ပထမအကျော့ပွဲစဉ်ကတော့ အန်းစလော့အတွက် လီဗာပူးနည်းပြဘဝ ရာပြည့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။

အကယ်၍ အန်းစလော့သာ ဂါလာတာစာရေးကွင်းမှာ လီဗာပူးရဲ့ပထမဆုံးနိုင်ပွဲကို ဖော်ဆောင်နိုင်မယ်ဆိုရင် ကင်နီဒဲလ်ဂလစ်ရှ်ရဲ့ ပွဲ ၁၀၀ အတွင်း အနိုင်ရရှိမှုအများဆုံးစံချိန်ကို ချိုးဖျက်သွားနိုင်ပါလိမ့်မယ်။

"လီဗာပူးနည်းပြအဖြစ် ပွဲ ၁၀၀ ပြည့်တော့မယ်ဆိုတော့ ကျွန်တော် တကယ် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့စံချိန်က မဆိုးဘူးလို့ ထင်ပါတယ်။ တခြားသူတွေရဲ့ဝေဖန်သံတွေကို အကုန်နားထောင်နေရင်တော့ တစ်မျိုးခံစားရနိုင်တာပေါ့လေ" လို့ ဆလော့က ဆိုပါတယ်။

"ပွဲ ၁၀၀ ပြည့်မြောက်မယ့်ပွဲစဉ်က ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အဝေးကွင်းပွဲဖြစ်နေတယ်ဆိုတာ တကယ်ကို ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမဲ့ အရင်လိုပါပဲ၊ ဒါက နည်းပြနဲ့ မဆိုင်ဘူး၊ ကစားသမားတွေနဲ့ပဲ ဆိုင်ပါတယ်။ အရင်ကစားခဲ့တဲ့ ၉၉ ပွဲလိုပဲ ဒီပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ပေးသွားပါမယ်။ တကယ်ကစားရမယ့်သူက ကစားသမားတွေပါ" လို့ သူက ပြောပါတယ်။

"ပြီးခဲ့တဲ့ ရာသီရော၊ ဒီရာသီမှာပါ အသင်းကောင်းတစ်ခုကို ကိုင်တွယ်ခွင့်ရရှိလို့ ကျွန်တော် ကံကောင်းပါတယ်။ လီဗာပူးအသင်းရဲ့အစဉ်အလာအတိုင်း ကစားသမားတွေက အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်" လို့ အန်းစလော့က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့အခုတူရကီခရီးစဉ်မှာ ဒဏ်ရာရနေတဲ့ ဂိုးသမားအလီဆင်နဲ့ နေမကောင်းဖြစ်နေတဲ့ တိုက်စစ်မှူးချီယေဆာတို့ မပါဝင်နိုင်ပါဘူး။