မိုဆာလက်မရှိတော့မယ့် အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ထားသလဲဆိုတာ ထုတ်ပြောလာတဲ့ အန်းစလော့
ရာသီကုန်ခါနီးအချိန်မှာ လီဗာပူးနည်းပြအန်းစလော့က သူရဲ့နွေရာသီအပြောင်းအရွှေ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသင်းမှာ ကာလရှည်ကစားခဲ့တဲ့ မိုဆာလက်နဲ့ အန်ဒီရောဘတ်ဆန်တို့ နှစ်ဦးလုံးက ဒီနွေရာသီမှာ အသင်းမှထွက်ခွာဖို့ရှိနေလို့ ရာသီပိတ်ပွဲစဉ်မှာ ပရိသတ်တွေကို စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ဖို့ ပြင်ဆင်နေကြပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း လီဗာပူးက စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၅၀ အထိ အသုံးပြုခဲ့ပေမဲ့ နည်းပြအန်းစလော့ကတော့ ဒဏ်ရာပြဿနာတွေနဲ့ နည်းဗျူဟာပိုင်း အဆင်မပြေမှုတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အခုအခါမှာတော့ ဒတ်ချ်လူမျိုးနည်းပြကြီးအတွက် နောက်ထပ်အပြောင်းအရွှေ့ဈေးကွက်မှာ ဘာတွေလုပ်မလဲဆိုတဲ့မေးခွန်း ရှိလာပါတယ်။
အန်းစလော့ကတော့ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် ဘယ်လိုကစားသမားမျိုးတွေကို ခေါ်ယူရမလဲဆိုတာ ဆုံးဖြတ်ရဖို့ရှိသလို မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ ခက်ခဲနိုင်တယ်ဆိုတာလည်း ဝန်ခံထားပါတယ်။
"ကျွန်တော်တို့ရဲ့ပထမဆုံးရည်မှန်းချက်ကတော့ မိုဆာလက်ရဲ့နေရာမှာ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ဖို့ပါပဲ။ သူ့လိုမျိုးကစားသမားနဲ့ အစားထိုးမလား၊ ဒါမှမဟုတ် တခြားပုံစံနဲ့သွားမလားဆိုတာ စဉ်းစားရပါမယ်။ ကျန်တဲ့ကစားသမားတွေကတော့ လက်ရှိမှာ ထွက်ခွာဖို့ အခွင့်အရေးမရှိသေးဘူးလို့ ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် "ကိုနာတေးရဲ့စာချုပ်ကိစ္စလည်း ရှိပါသေးတယ်။ ကျွန်တော်က အရေအတွက်ကို မကြည့်ဘဲ လိုအပ်တဲ့နေရာတွေကိုပဲ ကြည့်ပါတယ်။ တချို့ကစားသမားတွေ ထွက်ခွာမယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ" လို့လည်း ပြောပါတယ်။
"နွေရာသီမှာ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်တို့က ကစားသမားအရောင်းအဝယ်လုပ်တဲ့ ကလပ်တစ်ခုပါ။ ဒါကြောင့် နွေရာသီမှာ ဘာတွေတကယ်ဖြစ်မလဲဆိုတာ အရင်ကြည့်ပြီးမှ ဘာတွေခေါ်ယူရမလဲဆိုတာ ပိုသိလာပါလိမ့်မယ်။ ကစားသမားအများကြီး ခေါ်ဖို့မလိုဘူးဆိုရင် အပြောင်းအရွှေ့တွေ အများကြီးလုပ်ဖို့လည်း လိုမှာမဟုတ်ပါဘူး" လို့ အန်းစလော့က ရှင်းပြခဲ့ပါတယ်။
လီဗာပူးက ရန်းနက်စ်လူငယ်ကြယ်ပွင့်နောက်ခံလူ ဂျရမီဂျက်ကေးကို ပေါင် ၆၀ သန်းဝန်းကျင်ဖြင့် ခေါ်ယူထားပါတယ်။ ဒါပေမဲ့ ဆုဖလားတွေ ပြန်လည်သိမ်းပိုက်နိုင်မယ့်အသင်းတစ်ခုဖြစ်ဖို့ဆိုရင်တော့ ရောဘတ်ဆန်နဲ့ မိုဆာလက်တို့ရဲ့နေရာမှာ အစားထိုးမယ့်သူတွေကို ထပ်မံရှာဖွေသွားရပါလိမ့်မယ်။