The network connection is lost.

Banner Image

ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြချက်မပေးဖို့ အန်းစလော့ကို မိုယက်စ် သတိပေး

လီဗာပူးအသင်းရဲ့ အခုဘောလုံးရာသီရုန်းကန်နေရမှုတွေအတွက် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ဘူးလို့ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်က အခိုင်အမာပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့၊ Hill Dickinson အားကစားကွင်းမှာ ကစားမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်မတိုင်ခင် လီဗာပူးနည်းပြကြုံတွေ့နေရတဲ့ ဖိအားတွေနဲ့ပတ်သက်ပြီး မိုယက်စ်က အခုလိုပဲ ဆွေးနွေးခဲ့ပါတယ်။

မိုယက်စ်က "အန်းစလော့က အလုပ်တစ်ခုကို ပြောင်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကြားနေအမြင်နဲ့ပြောရမယ်ဆိုရင် သူဟာ တကယ်တော်တဲ့ နည်းပြတစ်ဦးပါ" လို့ ဆိုပါတယ်။

"ဒါပေမဲ့ အန်ဖီးလ်ကွင်းမှာ သူတို့အတွက် ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေ ကြုံနေရတယ်လို့ သူပြောနေတာကိုတော့ ကျွန်တော် သဘောမတူချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဘောလုံးသမိုင်းတစ်လျှောက် ဘယ်ပရီးမီးယားလိဂ်နည်းပြကိုမဆို သွားမေးကြည့်လိုက်ရင် ဒိုင်လူကြီးတွေရဲ့အလေးပေးမှုကို အမြဲရလေ့ရှိတဲ့ အသင်းက လီဗာပူးအသင်းပဲဆိုတာ အားလုံးက ပြောကြပါလိမ့်မယ်"

"ဒါကြောင့် အခုချိန်မှာ သူတို့အတွက် မကောင်းတဲ့အရာအနည်းငယ် ကြုံနေရတယ်ဆိုရင်တောင် ကျွန်တော်တို့ကတော့ အန်ဖီးလ်ကို သွားကစားတိုင်း အဲဒီလိုအခြေအနေတွေကို နှစ်ပေါင်းများစွာ သည်းခံခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြတစ်ဦးအတွက်ဆိုရင်တော့ သူက ထိပ်တန်းနည်းပြတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။"

"တကယ်တော့ လီဗာပူးပရိသတ်တွေသာ ရိုးရိုးသားသားဝန်ခံမယ်ဆိုရင် ဒါကို သဘောတူကြပါလိမ့်မယ်။ အန်ဖီးလ်ကွင်းမှာ လီဗာပူးကို နစ်နာစေမယ့် ဆုံးဖြတ်ချက်မျိုး ချမှတ်တဲ့ ဒိုင်လူကြီးဆိုတာ တော်တော်လေးကို ရှားပါတယ်။ တကယ်ကို ရှားပါးပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။