ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေထွက်ပေါ်နေမှုအပေါ် ယာဂန်ကလော့ပ်ရဲ့ အေးဂျင့်တုံ့ပြန်လာ
လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်ကို ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမဲ့ သူရဲ့အေးဂျင့်ကတော့ Red Bull မှာ ထမ်းဆောင်နေတဲ့ ဂျာမန်သားဟာ လက်ရှိရာထူးမှာပဲ ပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
လာလီဂါကလပ်က နည်းပြအလွန်ဆိုနဲ့လက်တွဲပြီး ခြောက်လအကြာမှာတင် လမ်းခွဲခဲ့ပြီးနောက် သူ့နေရာမှာ အသင်းဖော်ဟောင်း အယ်လ်ဗာရို အာဘီလိုအာနဲ့ အစားထိုးခဲ့ပါတယ်။
ဒါပေမဲ့ ယာယီနည်းပြအဖြစ် အာဘီလိုအာတာဝန်ယူနေချိန်မှာလည်း ရလဒ်ပိုင်းကောင်းမွန်ဖို့ ရုန်းကန်နေရလို့ ရီးရဲလ်မက်ဒရစ်က ကလော့ပ်ကို မျက်စိကျလာတယ်ဆိုတဲ့ သတင်းတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။
လက်ရှိမှာ Red Bull ရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ ကလော့ပ်ရဲ့အေးဂျင့် မာ့ခ်ကိုဆစ်ကီကတော့ ဒီကောလာဟလတွေကို အမြန်ဆုံးတုံ့ပြန်လိုက်ပါတယ်။
"ကောလာဟလသက်သက်ဖြစ်နေတဲ့ကိစ္စတွေအပေါ် မေးခွန်းထုတ်ဖြေကြားနေစရာ မလိုပါဘူး။ လက်ရှိအချိန်အထိ ဘယ်သူကမှ ကျွန်တော်တို့ကို ဆက်သွယ်လာတာ မရှိသေးပါဘူး" လို့ ကိုဆစ်ကီက ပြောပါတယ်။
ဒါ့အပြင် "ဂျာဂင်ကလော့ပ်က Red Bull မှာ ထမ်းဆောင်နေတဲ့ သူ့ရဲ့လက်ရှိရာထူးနဲ့ပတ်သက်လို့ အလွန်ပျော်ရွှင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ကို နည်းပြဖို့ ဆွေးနွေးနေတယ်ဆိုတာတွေကတော့ အခုအချိန်မှာ ကောလာဟလတွေပဲ ဖြစ်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။