The network connection is lost.

Banner Image

ကလော့ပ်လက်အောက်မှာ ကစားခွင့်ရမယ်ဆိုရင် လီဗာပူးမှာ စွန့်စွန့်စားစား ဆက်နေမိလိမ့်မယ်လို့ ဂျရတ် ဖွင့်ဟ

လီဗာပူးဂန္တဝင်စတီဗင်ဂျရတ်က ဂန္တဝင်နည်းပြကြီးယာဂန်ကလော့ပ်ရဲ့ဦးဆောင်မှုအောက်ကစားနိုင်မယ့် အခွင့်အရေးအပေါ် ဘယ်လောက်အထိသဘောကျနှစ်သက်မိသလဲဆိုတာ ဖွင့်ဟပြောကြားလာပါတယ်။

ဂျရတ်က ၂၀၁၅ ခုနှစ်၊ နွေရာသီမှာ လီဗာပူးမှထွက်ခွာကာ LA Galaxy ဆီ ပြောင်းရွှေ့သွားလို့ အဲ့ဒီနှစ်၊ အောက်တိုဘာမှာ မာဆေးဆိုဒ်ဆီ ရောက်ရှိလာမယ့် ယာဂန်ကလော့ပ်နဲ့ ပွတ်ကာသီကာ လွဲချော်သွားခဲ့ပါတယ်။

LA Galaxy မှာ တစ်နှစ်ကြာကစားပြီး အသက် ၃၆ နှစ်အရွယ်မှာ ကစားသမားဘ၀အနားယူခဲ့တဲ့ ဂျရတ်က ကွင်းပြင်ပမှာ သူ့ရဲ့နည်းပြဘ၀ကို စတင်ခဲ့ပါတယ်။

ကလော့ပ်က လီဗာပူးနည်းပြဘ၀၊ ပထမဆုံးရာသီမှာ အမှတ်ပေးဇယားအဆင့်-၈ နေရာနဲ့ အဆုံးသတ်ခဲ့သလို ယူရိုပါလိဂ်နဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာလည်း အရေးနိမ့်ခဲ့တာကြောင့် အောင်မြင်မှုတော့ ချက်ချင်းမရရှိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ဂျာမန်သားနည်းပြကြီးက ကြိုးကြာနီတွေကို သူတို့ရဲ့အကောင်းဆုံးပုံစံဆီ ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။

ကလော့ပ်လက်အောက် အလုပ်လုပ်ရမယ့် အခွင့်အရေးနဲ့ပတ်သက်လို့ ဂျရတ်က ဂျာမန်လူမျိုးနည်းပြရဲ့ Heavy Metal ဘောလုံးကစားဟန်အောက်မှာ ကစားရမယ်ဆိုရင် အနားယူမယ့်အစီအစဉ်ကိုတောင် ရွှေ့ဆိုင်းခဲ့မိလိမ့်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဂျရတ်က "ကလော့ပ်လက်အောက်မှာ ကစားခွင့်ရဖို့အတွက်ဆိုရင် ကစားသမားဘဝအရရော၊ ပုဂ္ဂိုလ်ရေးအရပါ အရာများစွာကို ကျွန်တော် စတေးခဲ့မိမယ်ဆိုတာ သေချာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့လီဗာပူးကစားသမားဘ၀နှောင်းပိုင်းမှာ နောက်ထပ်တစ်နှစ် ဆက်နေဖို့ တစ်နှစ်စာချုပ်ကမ်းလှမ်းမှု ရရှိခဲ့ဖူးပါတယ်" လို့ ဂျရတ်က ရှင်းပြခဲ့ပါတယ်။ "ဒါပေမဲ့ အဲဒီအချိန်က လီဗာပူးတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ရာမှာတော့ ခင်ဗျားအတွက် အရန်ကစားသမားအဖြစ်သာ ပိုရှိနေရလိမ့်မယ်၊ ပွဲကစားချိန်နည်းလိမ့်မယ်၊ ကျွန်တော် ကစားချင်သလောက် တက်တက်ကြွကြွ မကစားရနိုင်ဘူးဆိုတဲ့ သဘောမျိုးတွေ ဖြစ်လာခဲ့ပါတယ်"

"ဒါပေမဲ့ ကလော့ပ်ရောက်လာမယ်ဆိုတာကိုသာ ကျွန်တော် သေချာသိခဲ့မယ်ဆိုရင်ပေါ့၊ ကျွန်တော် ဆုံးဖြတ်ချက်ချချိန်မှာ အဲ့ဒါကို မသိခဲ့ပါဘူး။ ကလော့ပ် ရောက်လာမယ်ဆိုတာ သိခဲ့ရင် ကျွန်တော် စွန့်စားပြီး ဆက်နေမိပါလိမ့်မယ်။ ကလော့ပ်သဘောကျအောင် ကြိုးစားပြီး ကစားသမားဘ၀နှောင်းပိုင်းမှာ ဒီအခွင့်အရေးကို အရယူခဲ့မိပါလိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်က ထွက်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့မိပါတယ်။ အခုပြန်တွေးကြည့်လိုက်တော့ ကျွန်တော် ဆက်နေပြီး အဲ့ဒီစွန့်စားမှုကို လုပ်မိမယ်ဆိုတာ သေချာပါတယ်" လို့ ပြောပါတယ်။

ကလော့ပ်က လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား အပါအဝင် အဓိကဆုဖလားရှစ်ခုအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အကယ်၍ ဂျရတ်သာ ဆက်နေခဲ့မယ်ဆိုရင် သူ့ရဲ့ဆုဖလားပြခန်းထဲ နောက်ထပ်အောင်မြင်မှုတွေ ထပ်တိုးလာနိုင်ပေမဲ့ အသက် ၃၆ နှစ်အရွယ်မှာတော့ သူ့ရဲ့အခန်းကဏ္ဍက အဓိကအားဖြင့် အရန်ခုံတန်းပေါ်မှာသာ ရှိလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်ထားပါတယ်။