The network connection is lost.

Banner Image

ဆိုဘိုဆလိုင်းကို ဂျရတ်ရဲ့နေရာ ဆက်ခံမယ့်သူလို့ ချီးကျူးဂုဏ်ပြုလိုက်တဲ့ စမစ်ဆာ

လီဗာပူးဂန္တဝင်စမစ်ဆာက ဆိုဘိုဆလိုင်းကို အနာဂတ်အန်ဖီးလ်မှာ အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူလို့ ပြောဆိုလိုက်ပါတယ်။

ဟန်ဂေရီအသင်းခေါင်းဆောင်က လာမယ့်နှစ်တွေအတွင်း မာဆေးဆိုဒ်မှ ထွက်ခွာသွားနိုင်တဲ့ အသက် ၃၅ နှစ်အရွယ်ဗန်ဒိုက်လက်အောက်မှာ အလီဆင်၊ ဂျိုဂိုးမက်ဇ်တို့နဲ့အတူ လီဗာပူးရဲ့ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။
 
ဆိုဘိုဆလိုင်းနဲ့ပတ်သက်လို့ နည်းပြအီရာအိုလာက "အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေအနက် တစ်ဦး သေချာပေါက်ဖြစ်လာရမယ့်သူပါ" လို့ သီးသန့်ပြောကြားခဲ့ဖူးသလို ဒီကွင်းလယ်လူကို အနာဂတ်မှာ အသင်းအတွက် ဦးဆောင်ပေးဖို့ ပရိသတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေကိုယ်တိုင် ထောက်ခံအားပေးနေကြပါတယ်။
 
Grosvenor Sport မှတစ်ဆင့် GOAL နဲ့ တွေ့ဆုံချိန် စမစ်ဆာက အခွင့်အရေး ရရှိလာရင် ဆိုဘိုဆလိုင်ဆီမှာ အသင်းကို တာဝန်ယူဦးဆောင်ပေးဖို့ အစွမ်းအစရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

စမစ်ဆာက " ဗန်ဒိုက်ရဲ့နေရာကို ဆိုဘိုဆလိုင်းဆက်ခံပြီး လီဗာပူးရဲ့နောက်ထပ်အသင်းခေါင်းဆောင်သစ် ဖြစ်လာနိုင်သလား? တစ်နေ့နေ့မှာ ဖြစ်လာနိုင်တာပေါ့။ ကျွန်တော် ဒါကို မြင်တွေ့နေရပါတယ်။
 
ကစားသမားတစ်ဦးအဖြစ်နဲ့ရော၊ အသင်းခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ပါ သူ့ကို စတီဗင်ဂျရတ်နဲ့နှိုင်းယှဉ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတာ ဂျရတ်က လီဗာပူးမှာပဲ ကြီးပြင်းလာခဲ့ပြီး လီဗာပူးမှာပဲ အမြစ်တွယ်နေခဲ့တဲ့သူပါ။

ကလပ်အသင်း၊ မြို့တော်၊ ပရိသတ်တွေနဲ့ ဂျရတ်အကြားမှာ အမြဲတမ်းလိုလို ချိတ်ဆက်မှုတစ်ခု ရှိနေခဲ့ပြီး ဒါ တကယ့်ကို ထူးခြားလွန်းပါတယ်။ လီဗာပူးအဝတ်လဲခန်းမှာ ရှိနေတဲ့ ကစားသမားတွေတောင် ဒါကို ခံစားမိကြပြီး ဘယ်လိုအလုပ်ဖြစ်သလဲဆိုတာ သိကြပါတယ်။
 
ဆိုဘိုဆလိုင်းကတော့ လီဗာပူးမှာရောက်နေတာ သုံးနှစ်ပဲ ရှိပါသေးတယ်။ ဂျရတ်ကတော့ လီဗာပူးမှာပဲ တစ်ဘ၀လုံး ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဘိုဆလိုင်းက ဂျရတ်ရဲ့ခြေရာကို လိုက်နင်းနိုင်မယ့် လမ်းကြောင်းမှန်ပေါ် ရှိနေပါတယ်။ ပြီးတော့ ဂျရတ်ကိုယ်တိုင်လည်း လီဗာပူးအတွက် ဆိုဘိုဆလိုင်းကစားပေးနေတာကို မြင်တွေ့ရတာ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ တစ်နေ့နေ့တော့ ဂျရတ်ရဲ့နေရာကို ဆိုဘိုဆလိုင်း ဆက်ခံလိမ့်မယ်လို့ ကျွန်တော်တို့ ပြောကြမယ်ဆိုရင်တောင် ဂျရတ်လည်း ဒါကိုလက်မခံဘဲ မနေဘူးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။
 
ဆိုဘော့ဆလိုင်ကလည်း လီဗာပူးအသင်းခေါင်းဆောင် ဖြစ်လာရေးကို သူ့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပြီး ဒီထက်ပိုကြီးမားတဲ့ အရာမရှိတော့တဲ့ အိပ်မက်တစ်ခုဖြစ်တယ်လို့ ဖော်ပြကာ အခွင့်အရေးကို စောင့်မျှော်နေပါတယ်။