The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ထောင့်ကန်ဘောနည်းဗျူဟာကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ကာရေဂါ

လီဗာပူးဂန္ထဝင်ကာရေဂါက ဒီရာသီ၊ ပရီးမီးယားလိဂ်အသင်းတွေ အသုံးပြုနေတဲ့ ထောင့်ကန်ဘောနည်းဗျူဟာပိုင်းကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်အသင်းက အခုဘောလုံးရာသီမှာ အလွတ်တည်ကန်ဘော(Set pieces) တွေကို အလွန်အကျွံအသုံးချနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာ နည်းပြ အာတီတာကတော့ သူ့အသင်းအတွက် အလွတ်တည်ကန်ဘောမှတဆင့် အခုထက်ပိုပြီး ဂိုးတွေမသွင်းယူနိုင်မှုကို စိတ်ပျက်မိတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

အာတီတာရဲ့အသင်းက အခုဘောလုံးရာသီ၊ အလွတ်တည်ကန်ဘောတွေမှတဆင့် ပြိုင်ဘက်တွေအပေါ် အသာစီးရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောမှတဆင့် ၁၆ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

အာဆင်နယ်ရဲ့နည်းဗျူဟာကို အခုအချိန်အထိမယှဉ်နိုင်သေးတဲ့ အသင်းတွေကိုယ်တိုင် စိတ်ပျက်နေကြပြီး လိဂ်ပြိုင်ပွဲပြန်လည်ကောင်းမွန်လာဖို့အတွက် စည်းမျဉ်းအချို့ပြောင်းလဲသင့်ပြီလို့ ကာရေဂါက အကြံပြုလာပါတယ်။

"ကျွန်တော် တစ်ရာသီလုံး ဒါကိုပဲ ပြောနေခဲ့တာပါ။ ထောင့်ကန်ဘောဆိုတာ ထောင့်ကန်ဘောသာဖြစ်လို့ လူတိုင်းလည်း ဒီအခွင့်အရေးမှတဆင့် ဂိုးသွင်းနိုင်အောင် ကြိုးစားကြတာပဲ။ ဒါပေမဲ့ အသင်းတွေက ထောင့်ကန်ဘောမှတဆင့် ရနိုင်သမျှ အရာအားလုံးကို အဆုံးစွန်အထိ အသုံးချဖို့ ကြိုးစားလာကြပါတယ်" လို့ သူက ဆိုပါတယ်။

"အဲဒီလိုလုပ်တာကိုတော့ ကျွန်တော် တကယ်ပဲ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ခြောက်ကိုက်စည်းထဲမှာ လူတွေအပြည့်ဖြစ်နေတာကတော့ အဓိပ္ပာယ်မရှိပါဘူး။

တစ်ခါတလေဆိုရင် အဲဒီထဲမှာ ကစားသမား ၁၇ ယောက်၊ ၁၈ ယောက်လောက် ရှိနေတတ်ပါတယ်။ အရင်တုန်းကတော့ ဂိုးသမားတွေ အကာအကွယ် အလွန်အကျွံ ရနေတယ်လို့ ကျွန်တော်တို့ ညည်းတွားခဲ့ကြပေမဲ့ အခုတော့ သူတို့မှာ လုံလောက်တဲ့အကာအကွယ်တောင် မရှိတော့ပါဘူး"

"ကြည့်နေရတာ Rugby ပွဲစဉ်တစ်ခုလို ဖြစ်နေပါတယ်။ ဒါကိုတားဆီးဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ကွင်းလယ်ဒိုင်ကိုယ်တိုင် ပြစ်ဒဏ်ဘောပေးလိုက်ဖို့ပါပဲ။ ဘောလုံးထွက်လာတာနဲ့ ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ခရာမှုတ်သင့်ပါတယ်"

"အဲဒီလိုလုပ်မှသာ ခြောက်ကိုက်စည်းထဲမှာ လူနည်းသွားမှာဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် လုံးထွေးသတ်ပုတ်ပြီး ကြမ်းပြင်ပေါ် လှဲချနေတာတွေလည်း နည်းသွားပါလိမ့်မယ်။ ဒါဟာ ပရီးမီးယားလိဂ်အတွက် ကြည့်လို့မကောင်းတဲ့ ပုံရိပ်ဖြစ်လို့ တစ်ခုခုတော့လုပ်သင့်ပြီလို့ ထင်ပါတယ်" လို့ ကာရေဂါက ပြောပါတယ်။

လတ်တလောမှာ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ခုနစ်မှတ်ဖြတ်ဦးဆောင်ထားသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းထားပါတယ်။ ဒါ့အပြင် ဒီလထဲမှာပဲ သူတို့တွေက မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲကို ဆင်နွှဲသွားရပါမယ်။