နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်း ဘာတွေလိုအပ်သလဲဆိုတာကို သီယာရီအွန်နရီ အကြံပြုပြောကြား
အာဆင်နယ်ဂန္ထဝင်ကစားသမား သီယာရီအွန်နရီက ပရီးမီးယားလိဂ်ဖလား ရရှိပြီးနောက်ပိုင်း အသင်းကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့အတွက် ဒီနွေရာသီမှာ ဘာတွေလုပ်ဖို့လိုအပ်လဲဆိုတာကို အသင်းအား အကြံပေးပြောကြားလိုက်ပါတယ်။
မြောက်လန်ဒန်ကလပ် အာဆင်နယ်အသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီမှာ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
နည်းပြ မီခေးလ်အာတီတာရဲ့ လက်အောက်မှာ အောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ အလုပ်များလိမ့်မယ်လို့ အားလုံးက မျှော်လင့်နေကြပါတယ်။
လက်ရှိအသင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အွန်နရီက Betway နဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ပါတယ်။ "ရာသီအစတုန်းက ကျွန်တော်တို့အသင်း လိဂ်ဖလားရလိမ့်မယ်လို့ ပထမဆုံးအကြိမ်အဖြစ် ယုံကြည်ခဲ့ကြောင်း ပြောခဲ့ဖူးသလို၊ အသင်းအနေနဲ့ သေချာပေါက် အနိုင်ရရမယ်လို့လည်း ဒဲ့ပဲ ပြောခဲ့တာပါ" လို့ ဆိုပါတယ်။
"အရင်ကတော့ တစ်ခုခု လိုအပ်နေသလို ခံစားခဲ့ရပေမဲ့ ဒီနှစ်မှာတော့ သူတို့ တကယ်လုပ်ပြနိုင်ခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ အချိန်ပေးနိုင်ခဲ့တာ၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ခဲ့တာနဲ့ နောက်ဆုံးမှာတော့ ဒီအသင်းနဲ့ ကျွန်တော်နဲ့ တစ်သားတည်းဖြစ်သလို ခံစားလာရလို့ပါ"
"အသင်းမှာ တိုက်ပွဲဝင်စိတ်ဓာတ်၊ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အားထုတ်မှုတွေ ရှိနေတာက တစ်သားတည်းဖြစ်စေတဲ့ ခံစားချက်မျိုးကို ပေးပါတယ်"
ဒါပေမဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ဖို့အတွက် ခက်ခဲတဲ့အလုပ်တွေကို စတင်လုပ်ဆောင်ရတော့မယ်လို့ အွန်နရီက ယုံကြည်နေပြီး အမြင့်ဆုံးနေရာမှာ ဆက်ရှိနေဖို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကိုလည်း ရှင်းပြခဲ့ပါတယ်။
"အခုကတော့ ရထားတဲ့ အောင်မြင်မှုကို အခြေခံပြီး ရှေ့ဆက်ရမယ့်အချိန်ပါ။ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ကြားမှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ဘာတွေထပ်ဖြည့်ဖို့ လိုအပ်သလဲဆိုတာကို သေချာကြည့်ဖို့က အရမ်းအရေးကြီးပါတယ်"
"လူတိုင်းက သင့်ကို အနိုင်ယူချင်နေကြသလို၊ သင့်ဆီက ချန်ပီယံဆုကို လုယူချင်နေကြတဲ့ အနေအထားက တစ်မျိုးပါပဲ။ အစပိုင်းမှာ ရလဒ်မကောင်းခဲ့ရင် လူတွေက တစ်ရာသီလုံး ဒီအချက်တွေကိုပဲ ပြန်ပြီး မေးခွန်းထုတ်ကြပါလိမ့်မယ်"
"ထိပ်ဆုံးမှာ ရှိနေတဲ့အချိန်မှာ လိုအပ်သလို ပြုပြင်ပြောင်းလဲပြီး ရှေ့ဆက်ဖို့က အဓိက သော့ချက်ပါပဲ" လို့ အွန်နရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဒါဟာ အဆုံးအဖြတ်ပေးမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဘယ်သူတွေ ဝင်လာမလဲ၊ ဘယ်သူတွေ ထွက်သွားဖို့ လိုမလဲဆိုတာကို သိထားဖို့ လိုသလို၊ မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်"
"တချို့အသင်းတွေမှာ ကစားသမားသစ်တွေ ခေါ်လိုက်ရင် အသင်းပိုကောင်းလာမယ်လို့ ထင်ခဲ့ကြပေမဲ့ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့အတွက် အချိန်ယူခဲ့ရတာတွေကို ကျွန်တော်တို့ တွေ့ခဲ့ဖူးပါတယ်"
"ဒါကြောင့် အာဆင်နယ် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ လိဂ်ဖလား ရထားတဲ့အသင်းထဲကို ချက်ချင်းအသားကျပြီး အကျိုးသက်ရောက်မှု ရှိစေမယ့်သူမျိုးကို ခေါ်ယူဖို့ဆိုတာ အမြဲတမ်းတော့ မလွယ်ကူပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။