The network connection is lost.

Banner Image

အွန်နရီနဲ့အတူ ဘောလုံးဇာတ်လမ်းတွဲအသစ်မှာ သရုပ်ဆောင်အဖြစ်ပါဝင်သွားမယ့် ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ ဘောလုံးသမားဘဝကို ဆက်လက်လျှောက်လှမ်းနေရင်းနဲ့ပဲ ရုပ်သံဇာတ်လမ်းတွဲလောကထဲကို ခြေလှမ်းစတင်လိုက်ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားကြီးဟာ အသက် ၄၁ နှစ်အရွယ်မှာ သူ့ရဲ့လုပ်ငန်းနယ်ပယ်ကို နောက်တစ်ဆင့်တက်လှမ်းဖို့ လမ်းစအသစ်တွေ ဖော်ဆောင်နေတာပါ။

The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ Homeland ဇာတ်လမ်းတွဲမင်းသား ဒေမီယန် လူးဝစ် သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ် ဘောလုံးအေးဂျင့်တစ်ဦးအကြောင်း ရိုက်ကူးမယ့် ဇာတ်လမ်းတွဲမှာ အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Day 1s လို့ အမည်ပေးထားတဲ့ အဲ့ဒီဇာတ်လမ်းတွဲမှာ ရော်နယ်ဒိုက အာဆင်နယ်နဲ့ ပြင်သစ်ဂန္ထဝင် သီယာရီ အွန်နရီနဲ့အတူ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။

လန်ဒန်အနောက်မြောက်ပိုင်းက Barnet FC အသင်းရဲ့ ကွင်းမှာ ရိုက်ကူးရေးတွေ စတင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ ကစားသမားဘဝတုန်းက ပြိုင်ဘက်တွေအဖြစ် ခဏခဏ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ သူတို့နှစ်ဦးကို အခုလို ပရောဂျက်တစ်ခုမှာ အတူတူမြင်တွေ့ရမှာက တကယ့်ကို စိတ်လှုပ်ရှားစရာပါ။

ရုပ်သံလောကအတွင်းသိတစ်ဦးက The Sun ကို ပြောကြားရာမှာတော့ "ဒါဟာ နာမည်ကြီး Streaming လုပ်ငန်းတွေကြားမှာ မူပိုင်ခွင့်ရဖို့ အပြိုင်အဆိုင် ဖြစ်လာစေမှာပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေတင်မကဘဲ နောက်ကွယ်က ပံ့ပိုးပေးသူတွေရဲ့ အဆင့်အတန်းကြောင့်လည်း ဒါဟာ အဆင့်မြင့်ပရောဂျက်တစ်ခု ဖြစ်လာမှာပါ။ ရော်နယ်ဒိုက ဇာတ်လမ်းတွဲဖန်တီးတဲ့ဘက်ကို ကူးပြောင်းလာတာကတော့ အံ့ဩစရာပါပဲ" လို့ ဆိုပါတယ်။

ဇာတ်လမ်းကတော့ အွန်နရီရဲ့ အေးဂျင့်ဖြစ်သူ ဒါရင် ဒိန်းရဲ့ စိတ်ကူးအိုင်ဒီယာပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲရဲ့ မူပိုင်ခွင့်ကို ရယူဖို့အတွက် အကြီးစား Streaming ဝန်ဆောင်မှုလုပ်ငန်းတွေကြားမှာ ဝယ်ယူဖို့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ သေချာပေါက် ရှိလာမှာပါ။

ဒီပရောဂျက်ကို Kingsman နဲ့ Kick-Ass ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မက်သယူး ဗွန်နဲ့ ရော်နယ်ဒိုတို့ ဒီနှစ်အစောပိုင်းမှာ အတူတူတည်ထောင်ခဲ့တဲ့ UR Marv Studios ကနေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ဘောလုံးသမားဘဝ အဆုံးသတ်ပိုင်းကို ရောက်လာချိန်မှာ အသက်မွေးဝမ်းကျောင်းအလုပ်အသစ်တစ်ခုအတွက် အသေအချာ ပြင်ဆင်နေတာဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းသစ်က ဘယ်လိုပုံစံနဲ့ အောင်မြင်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။