မက်အယ်လစ္စတာရဲ့လီဗာပူးကစားသမားဘ၀အနာဂတ် မရေမရာဖြစ်နေပြီး စာချုပ်သစ်အတွက် မဆွေးနွေးသေး
ရီးရဲလ်မက်ဒရစ်က လာမယ့်နွေရာသီမှာ ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီကစားသမားက ရိုဒရီ မဖြစ်နိုင်ပေမဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းအတွင်း ရှိနေသူသာ ဖြစ်လာဖို့ အလားအလာများနေပါတယ်။ မက်ဒရစ်အခြေစိုက်ကလပ်အသင်းက အဒမ်ဝါတန်ကို ပစ်မှတ်ထားနေသလို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာလည်း မက်အယ်လစ္စတာကို ခေါ်ယူနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။
အန်ဖီးလ်မှာတော့ မက်အယ်လစ္စတာရဲ့အနာဂတ်နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ အာဂျင်တိုင်းသားက စာချုပ်သက်တမ်းနောက်ဆုံးနှစ်နှစ်အတွင်း ဝင်ရောက်လာဖို့ နီးစပ်နေပြီး စာချုပ်သစ်အတွက်လည်း သဘောတူညီမှု မရရှိသေးပါဘူး။ ဒါကြောင့် အန်ဖီးလ်ကလပ်အသင်းရဲ့ရောင်းတန်းစာရင်းမှာ ပါဝင်သွားနိုင်တဲ့အခြေအနေ ရှိနေပါတယ်။
လာမယ့်နွေရာသီမတိုင်ခင် မက်အယ်လစ္စတာအတွက် ကမ်းလှမ်းမှုပြုလုပ်မလားဆိုတာ ရီးရဲလ်မက်ဒရစ်ဘက်က စဉ်းစားသွားဖို့ လိုအပ်ပြီး လတ်တလောမှာတော့ ကမ္ဘာ့ဖလားချန်ပီယံကစားသမားရဲ့ဖခင်ဖြစ်သူက လီဗာပူးလ်နဲ့ ဘာဆွေးနွေးမှုမှ မရှိသေးဘူးလို့ Win Win (via MD)ဆီ အတည်ပြုပြောကြားထားပါတယ်။
"စာချုပ်သက်တမ်းတိုးဖို့အတွက် လီဗာပူးလ်နဲ့ ဘာဆွေးနွေးမှုမှ မရှိသေးပါဘူး" လို့ မက်အယ်လစ္စတာရဲ့ဖခင်ဖြစ်သူက ဆိုပါတယ်။
တကယ်လို့ နွေရာသီမတိုင်ခင်အထိ လီဗာပူးလ်နဲ့ မက်အယ်လစ္စတာတို့ စာချုပ်သစ်ကိစ္စ အဆင်မပြေဘူးဆိုရင် ရီးရဲလ်မက်ဒရစ်အတွက် အခွင့်အရေးဖြစ်လာပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်က လီဗာပူးလ်ကြယ်ပွင့်ကစားသမားတွေကို ဈေးသက်သက်သာသာဖြင့် ခေါ်ယူနိုင်ခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။ အထင်ရှားဆုံးကတော့ စာချုပ်သစ်ချုပ်ဆိုမှုကို ငြင်းဆန်ကာ ၂၀၂၅ ခုနှစ်မှာ မက်ဒရစ်အခြေစိုက်ကလပ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ အာနိုးလ်ဖြစ်ပါတယ်။
မက်အယ်လစ္စတာက ရီးရဲလ်မက်ဒရစ်ကွင်းလယ်အတွက် အားထားရမယ့်သူ ဖြစ်နိုင်ပေမဲ့ ဘာနေဗျူးမှာ အမှန်တကယ်လိုအပ်နေတဲ့ကစားသမားမျိုး ဟုတ်၊ မဟုတ် သံသယဖြစ်စရာ ရှိနေပါသေးပါတယ်။ အာဘီလိုအာရဲ့အသင်းအတွက် အမှန်တကယ်လိုအပ်နေသူက တိုနီခရူးစ်လိုမျိုး ကွင်းလယ်ကိုထိန်းကျောင်းနိုင်မယ့်သူဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်ကစားသမားကတော့ အဲ့ဒီလို ကစားသမားမျိုး မဟုတ်ပါဘူး။
နွေရာသီနီးကပ်လာတာနဲ့အမျှ ရီးရဲလ်မက်ဒရစ်က မက်အယ်လစ္စတာကို ခေါ်ယူဖို့ အစီအစဉ်တွေကို အရှိန်မြှင့်လာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လောလောဆယ်မှာတော့ အာဂျင်တီးနားလက်ရွေးစင်ကို အသင်းရဲ့ရွေးချယ်စရာစာရင်းမှာ ဗီတင်ဟာ၊ ကီးစ်စမစ်နဲ့ ဝါတန်တို့နဲ့အတူ ထည့်သွင်းထားနိုင်ပါတယ်။