ရာသီကုန်အထိ အနားယူရတော့မယ့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အာဒါဂူလာ
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားအာဒါဂူလာအတွက်တော့ အခုဘောလုံးရာသီက ပြီးဆုံးသွားခဲ့ပါပြီ။ တူရကီလက်ရွေးစင်ကစားသမားဟာ ပေါင်နောက်ကြောဒဏ်ရာ (Hamstring Injury) ရရှိခဲ့လို့ အခုဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်အားလုံးနဲ့လွဲချော်ပြီး အနားယူသွားရပါတော့မယ်။
ဂူလာက အလာဗတ်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်တစ်နာရီမပြည့်ခင်ကတည်းက ဒဏ်ရာကြောင့် လူစားလဲ ထွက်ခွာခဲ့ရပါတယ်။ မနေ့ညပိုင်း၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ထုတ်ပြန်ချက်မှာ "ကျွန်တော်တို့ရဲ့ကစားသမား အာဒါဂူလာကို ဆေးအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ သူ့ရဲ့ ညာဘက်ခြေထောက် ကြွက်သား (biceps femoris) မှာ ဒဏ်ရာရရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ သူ ပြန်လည်သက်သာလာမယ့်အခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်သွားရပါမယ်" လို့ အတည်ပြုပြောကြားထားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဘက်မှလာတဲ့သတင်းတွေအရ ဆေးအဖွဲ့က ဂူလာကို အခုရာသီမှာ ပြန်ကစားနိုင်တော့မယ်လို့ မမျှော်လင့်ထားကြပါဘူး။ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာပါဝင်နိုင်မယ့်အခြေအနေနဲ့ပတ်သက်လို့ကတော့ လာမယ့်ရက်ပိုင်းတွေအတွင်းမှာ အသေးစိတ်ထပ်မံသိရှိရပါလိမ့်မယ်။